Monday, April 27, 2009

နေပြည်တော်-ပင်းတယ-အင်းလေး-တောင်ကြီး-မွေတော်ကက္ကူ သို့တစ်ခေါက်

ကျွန်တော်တို့ဌာန၏ အစီအစဉ်ဖြင့် သင်္ကြန်ရုံးပိတ်ရက်ရှည်အတွင်း ‌ပင်းတယ-အင်းလေး-တောင်ကြီး-မွေတော်ကက္ကူသို့တစ်ခေါက် ရောက်ခဲ့ရပါသည်။ ထိုကဲသို့သော တန်ခိုးကြီးဘုရားများသို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အနေဖြင့် တစ်ခေါက်တစ်ခါ အရောက်သွား စေချင်ပါသည်။ သို့မှသာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ကြည်ညို ရသလို ဆွေမျိုးရင်းခြာ မိတ်ဆွေများကိုလည်း သွားရောက်ဖူးမြော် သင့်ကြောင်း လမ်းညွှန်နိုင်ပေမည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကျွန်တော်တို့ မရောက်ဖူးသေးသော ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ မြောက်များစွာရှိနေသည် ကိုလည်း သိရပေသည်။ တကယ့်ဗုဒ္ဓဘာသာ နိုင်ငံပါလားရယ်လို့ ဂုဏ်ယူစရာတွေ မြောက်များစွာရှိနေသည်ကိုလည်း သိကြမည်မထင်။
ကျွန်တော်တို့ စီးနင်းလိုက်ပါမည့် Aircon Bus ကားကြီးသည် နေပြည်တော် မှ ည ၉း၀၀ နာရီတွင် စတင်ထွက်ခွါပါသည်။ နေပြည်တော် မှ အသွား ပျဉ်းမနားမြို့ကို ဖြတ်၍ တပ်ကုန်းမြို့တွင် ခေတ္တ လဘက်ရည် သောက်နားကြပါသည်။ ဘတ်စ်ကားကြီး(၂)စီးဖြင့် စုစုပေါင်းလူ(၁၀၀)ကျော် လိုက်ပါကြပါသည်။ မိသားစုဝင်များ တရုန်းရုန်းဖြင့် ပျော်စရာလည်းကောင်းလှပါသည်။ လမ်းခရီးတစ်လျှောက်တွင်လည်း သီချင်း ဆိုသူကဆို ဟာမိုနီလိုက်သူကလိုက်ဖြင့် တပျော်တစ်ပါးပင်၊ အလုပ်တာဝန်များ၊ မိသားစုတာဝန်များဖြင့် စိတ်ဖိစီးနေသမျှ ခုမှပင် ပေါ့ပါး လန်းဆန်းနေကြသည်။ ဘုရားဖူးခရီးဖြစ်သည့်အတွက် လူတိုင်း၏ မျက်နှာတွင် ကြည်နူးမှုအပြုံးပန်းများ ကြိုင်လှိုင်နေပါသည်။
ကျွန်တော်ကတော့ ကားကြီးပေါ်တွင် တငြိမ့်ငြိမ့်လိုက်ပါယင်း ညအမှောင်တွင် ဘေးပတ်ဝန်းကျင်ကို ငေးစိုက်ကြည့်နေမိပါသည်။ ကားကြီးမှာ ကျဉ်းမြောင်းလှသော တောင်ကားပါးယံလမ်းကို တရွေ့ရွေ့မောင်းနှင် နေရသည်မှာ အသည်းတယားယားဖြင့် လိုက်ပါနေမိပါသည်။ နံနက် ၃း၀၀ နာရီအချိန်တွင် တောင်ပတ်လမ်းမှ တောရွာလေးရှိ ဆိုင်တစ်ဆိုင်ရှေ့သို့ ရပ်လိုက်ပါသည်။ ကလောမြို့နယ်၊ မကွေရွာသို့ ရောက်ရှိပါသည်။ ခေတ္တနား၍ လဘက်ရည်သောက်ကြပြီး ခရီးဆက်လက်ထွက်ခွလာရာ နံနက် ၄း၃၀ နာရီတွင် ကျုံး လမ်းဆုံသို့ ရောက်ရှိပါသည်။ ကျုံးလမ်းဆုံမှ ပင်းတယသို့ သွားသည့် လမ်းအတိုင်း လိုက်ပါလာခဲ့ရာ နံနက် ၆း၃၀ နာရီတွင် ပင်းတယတောင်ခြေသို့ ရောက်ရှိခဲ့ကြပါသည်။
ပင်းတယတောင်ခြေတွင် ညောင်ပင်ကြီးများအုပ်ဆိုင်းနေပြီး ဘုရားစေတီ မြောက်များစွာ ကိုလည်း တွေ့ရှိရ ပါသည်။ တောင်ခြေတွင် ဈေးဆိုင်တန်းများလည်း ရှိပါသည်။ မျက်နှာသစ်နိုင်၊ ရေချိုးနိုင်သော ရှမ်း စားသောက် ဆိုင်ငယ်များကိုလည်းတွေ့ခဲ့ရပါသည်။ ပင်းတယရောက် အမှတ်တရအင်္ကျီများကိုလည်း ၀ယ်ယူနိုင်ပါသည်။ ကျွန်တော်တို့ ဘုရားဖူးအဖွဲ့သည် နံနက်စာ စားသောက်ပြီး နံနက် ၇း၃၀ တွင် ပင်းတယ တောင်ပေါ်သို့ ခြေလျင်တက်ခဲ့ပါသည်။ အများစုမှာ ကားများဖြင့် တက်ကြသော်လည်း ကျွန်တော်ကတော့ ခြေလျင်ပင်တက်ခဲ့မိသည်။ ပတ်ဝန်းကျင် တောတောင်သဘာဝရှုခင်းများကို ခံစားချင်သောကြောင့် ဖြစ်ပါသည်။ ပင်းတယလိုဏ်ဂူအ၀င်ဝသို့ ရောက်သည်နှင့် မြောက်များစွာသော ဘုရားဆင်းတုတော်များကို ဖူးမြော်လိုက်ရသည့်ခဏမှာပင် သောကအပူမီးများ ငြိမ်းအေးစေခဲ့သည်။ ထို့နောက် ဂူအတွင်းသို့ ၀င်ရောက်၍ လေ့လာခဲ့ရာ မျက်နှာကျက်ရှိ ကျောက်ပန်းဆွဲများမှ ရေပေါက်လေးများ တဖျောက်ဖျောက်ကျနေပါသည်။ ဘုရားဆင်းတုတော်များမှာ မီးအလင်းရောင်များကြောင့် ဂူအတွင်း ရွှေရောင်လွှမ်းနေသည်မှာ ဓါတ်ပုံထဲတွင် မြင်တွေ့ပေလိမ့်မည်။ ဖူးမြော်၍ မ၀နိုင်သော ပင်းတယရှိ ရွှေဥမင် သဘာဝလိုဏ်ဂူဘုရားကြီးပင် ဖြစ်ပါသည်။ ထိုမှတဆင့် လှေကားသို့ဆင်း၍ တောင်ပတ်လမ်း စောင်းတန်းအတိုင်း သွားရောက်ခဲ့ရာ ရန်ကြီးအောင် ဘုရားဆင်းတုတော်ကြီးကိုလည်း ဖူးမြော်ခဲ့ရသည်။ ပင်းတယဂူဝရှိ ဓါတ်လှေကားစောင်းတန်းမှနေ၍ ဘုတ်တလုပ်ရေကန်ကြီးကို လှမ်းမြင်ခဲ့ရသည်။ ဘုတ်တလုပ်ရေကန်အား နောက်ခံထား၍ ဓါတ်ပုံရိုက်ပါက အလွန်သာယာသော နောက်ခံရှုခင်းများကို ခံစားရပေမည်။ နံနက် ၉း၂၀ နာရီတွင် တောင်ပေါ်မှ ပြန်ဆင်းခဲ့ ပါသည်။ တောင်ခြေသို့ရောက်သောအခါ ရေချိုးပြီး စိုင်းထီးဆိုင်သီချင်းများကိုသာ ဖွင့်သော ရှမ်းဆိုင်တွင် ရှမ်းခေါက်ဆွဲပူပူလေးကို စားခဲ့မိပါသည်။(စကားမစပ် ရေတခါချိုလျှင် ၃၀၀ ကျပ်ပေးရပြီး မျက်နှာသစ်၊ အိမ်သာသွား နှစ်ခုပေါင်းကို ၁၅၀ ကျပ် ယူပါသည်။)
နံနက် ၁၁း၁၅ နာရီတွင် ပင်းတယတောင်ခြေမှ ပြန်လည်ထွက်ခွါခဲ့ပါသည်။ လမ်းဘေးဝဲယာတွင် တောင်ယာလုပ်နေသူများကိုတွေ့ရပြီး ၀ါးပင်များနှင့် ညောင်ပင်ကြီးများ ကိုလည်း တွေ့ခဲ့ရပါသည်။ ပတ်ဝန်းကျင်တွင် တောင်ကုန်း တောင်တန်းများဖြင့် အလွန်ပင်သာယာသော နေရာလေးပင်ဖြစ်ပါသည်။ ပင်းတယ-ရေချမ်းစင်ရွာ-ပွေးလှစံပြကျေးရွာများကို ဖြတ်သော ကားလမ်းမကြီးမှာ တောင်ကုန်း တောင်တန်းများကို အလိုက်သင့် ဖောက်လုပ်ထားသည်မှာ ပနံ့တင့်လှပါသည်။ ပင်းတယ-အောင်ပန်း ၂၄ မိုင်၊ အောင်ပန်း-တောင်ကြီး ၃၈ မိုင်၊ ၁၂း၃၀ တွင် အောင်ပန်းမြို့သို့ ရောက်ခဲ့ပါသည်။ အောင်ပန်းမြို့တွင် ခေတ္တနား၍ ဈေးဝယ်ကြပါသည်။ အောင်ပန်းမြို့ရှိ ဈေးတန်းလေးတွင် ကြက်သွန်ဖြူ၊ ၀ိုင်မျိုးစုံ၊ ခေါပုတ်၊ ပဲပုပ်၊ နေကြာစေ့လှော်၊ သစ်ခွပန်းမျိုးစုံတို့ကို တွေ့ခဲ့ရသည်။ ထို့နောက် နေ့လည် ၁း၁၅ နာရီတွင် အောင်ပန်းမြို့မှ ထွက်ခွါခဲ့ရာ ၂း၀၀ နာရီတွင် ဟဲဟိုးမြို့သို့ ရောက်ရှိခဲ့ပါသည်။ အောင်ပန်းနှင့် ဟဲဟိုးမြို့ကြား ကားလမ်းမှာ တောင်စောင်း တောင်ပတ်လမ်းဖြစ်ပြီး တောင်ပတ်လမ်းပေါ်မှ နေ၍ ဟဲဟိုးမြို့ကို အပေါ်စီးမှ လှမ်းမြင်နိုင်ပါ သည်။ ညနေ ၃း၀၀ နာရီတွင် ရွှေညောင်မြို့သို့ ရောက်ရှိပြီး ညောင်ရွှေမြို့သို့ ဆက်လက်ထွက်ခွါခဲ့ပါသည်။ ရွှေညောင်မြို့မှ ညောင်ရွှေမြို့သို့ ၇ မိုင် ကွာဝေးပါသည်။ ညနေ ၃း၂၀ နာရီတွင် ညောင်ရွှေသို့ ရောက်ရှိခဲ့ပါသည်။ ညောင်ရွှေမြို့ အ၀င်တွင် Welcome to Inlay ဟူသော ဆိုင်းဘုတ်ကြီးကို မြင်တွေ့ရပါ သည်။ ရွှေညောင်မှ ညောင်ရွှေအသွား လမ်းဘေးဝဲဘက်တွင် ငါးကင်ဆိုင်များကို တွေ့ခဲ့ရပါသည်။

ညနေ ၄း၀၀ နာရီတွင် ညောင်ရွှေမြို့ရှိ အင်းလေးအသွား စက်လှေဆိပ်မှ စက်လှေဖြင့် အင်းလေးဖောင်တော်ဦးဘုရားသို့ ထွက်ခွါခဲ့ပါသည်။ ညောင်ရွှေမြို့မှ အင်းရေပြင်အတိုင်း အင်းလေး ဖောင်တော်ဦးဘုရားသို့ ၁၃ မိုင် ကွာဝေးပါသည်။ စက်လှေဖြင့် ၁ နာရီကြာစီးရပါသည်။ စက်လှေ တစ်စီးလျှင် လူ ၁၆ ဦး စီးနင်းနိုင်ပါသည်။ စီးလုံးငှားပါက ကျပ် ၂၀၀၀၀ ဟု သိရပါသည်။ အင်းလေးသို့အသွား စက်လှေပေါ်တွင် လေကောင်းလေသန့်ကို ကောင်းစွာရှူရှိုက်နိုင်ပြီး သဘာဝအလှအပများကိုလည်း ခံစားနိုင်ပါသည်။ စင်ယော်ငှက် လေးများကိုလည်း အစာကျွေးနိုင်ပါသည်။ အင်းလေးရေပြင်သည် တောင်များပတ်လည် ၀ိုင်းရံနေပြီး ရေ့သည် ကြည်လင်နေပြီး ရေအောက်ရှိ မှော်ပင်များကိုလည်း မြင်နိုင်ပါသည်။ အင်းလေး ဖောင်တော်ဦး ဘုရားသို့ မရောက်မီ ရွှေဟင်္သာ ယက္ကန်းရုံသို့ ဦးစွာဝင်ရောက် လည်ပတ် ဈေးဝယ်ကြပါသည်။ (ယက္ကန်းရုံသည် ဈေးကြီးပါသည်။) အလိုတော်ပေါက် ဘုရားသို့လည်း သွားရောက်ဖူးမြော်ခဲ့ပါသည်။ ထို့နောက် ဖောင်တော်ဦးဘုရားသို့ ဆက်လက်သွားရောက်ပြီး ဖောင်တော်ဦး ဘုရားရင်ပြင်တော်ရှိ သာသနာထိန်ထိန်လင်း ကျောင်းတော်ကြီးတွင် ညအိပ်ရပ်နားကြပါသည်။ နံနက် ၄း၀၀ နာရီတွင် ဘုရားပေါ်သို့ တက်ရောက်၍ အာရုံဆွမ်းကပ်လှူ ပူဇော်ခဲ့ကြပါသည်။ ရွှေသင်္ကန်းကပ်ခဲ့ကြပါသည်။ ဘုရားရင်ပြင်တော်ပေါ်တွင် ရှမ်းစားသောက်ဆိုင်များ နှင့် အမှတ်တရ အ၀တ်အထည်ဆိုင်များ ရှိပါသည်။
၁၉-၄-၂၀၀၉ ရက်နေ့ (၇း၁၀)နာရီတွင် ဖောင်တော်ဦးဘုရားမှ စက်လှေဖြင့် ပြန်လည်ထွက်ခွါခဲ့ကြပါ သည်။ ထို့နောက် အင်းလေးဒေသရှိ ကျွန်းမျောစိုက်ခင်းများကို လှည့်ပတ် ကြည့်ရှုခဲ့ကြပါသည်။ ကျွန်းမျှော များပေါ်တွင် ဗူးစင်များ၊ ဂေါ်ရဂါးသီးစင်များ၊ ခရမ်းချဉ်ခင်းများကို တွေ့ခဲ့ရပါသည်။ ငါးဖယ်ချောင်းကျေးရွာရှိ ရှေးဟောင်း ကြောင်ခုန်ကျောင်း ကျောင်းတိုက်သို့ ၀င်ရောက်ဖူးမြော်ပြီး ရေနွေးကြမ်းသောက် နားကြပါသည်။ ထိုမှတဆင့် ညောင်ရွှေမြို့သို့ ဆက်လက်ထွက်ခွါခဲ့ရာ ၈း၃၀ နာရီတွင် ရောက်ရှိခဲ့ပါသည်။
နံနက် ၉း၄၅ နာရီတွင် အေးသာယာမြို့သို့ ရောက်ရှိကြပါသည်။ ထို့နောက် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွါခဲ့ရာ ၁၀း၀၀ နာရီတွင် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ပါသည်။ အေးသာယာမြို့သည် အလွန်သာယာသော မြို့လေးဖြစ်ပါသည်။ တောင်ကြီးအသွား ကြောင်လိမ်တောင်တက် ကားလမ်းအတိုင်း နိမ့်ချည်မြင့်ချည်တက်ယင်း အေးသာယာမြို့လေးကို နိမ့်တုံမြင့်တုံ လှမ်းမြင်နေရပါသည်။ အေးသာယာမှ တောင်ကြီးမြို့ တောင်တက်လမ်းသည် အကွေ့အကောက်များသော တစ်လမ်းသွား တောင်တက်ကားလမ်း ဖြစ်ပါသည်။ တောင်ကြီးမြို့ဈေးသို့ ၀င်ရောက်လည်ပတ်ကြပြီး နေ့လည်စာစားကြပါသည်။ နေ့လည် ၁၂း၀၀ နာရီတွင် တောင်ကြီးမြို့မှ မွေတော်ကက္ကူဘုရားသို့ ဆက်လက်ထွက်ခွါခဲ့ကြပါသည်။ မွေတော်ကက္ကူဘုရား သည် တောင်ကြီးမြို့နယ် ပအိုဝ်း အထူးဒေသတွင် တည်ရှိသော ရှေးဟောင်း ဘုရားတစ်ဆူဖြစ်ပါသည်။ ဘုရားမုခ်ဦးသို့ ရောက်သည်နှင့် ညောင်ပင်ကြီးများကို ဦးစွာမြင်တွေ့ရပါသည်။ ဘုရားပရ၀ုန်အတွင်း တွင်လည်း စေတီပေါင်း မြောက်များစွာကို ဖူးမြော်နိုင်ပါသည်။ မွေတော်ကက္ကူဘုရား မြောက်ဘက်အာရုံခံ တန်ဆောင်းအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မှာ အလွန်ပင် ကြည်ညိုဖွယ်ရာ ဖူးတွေ့ခဲ့ရပါသည်။ မြောက်ဘက် အာရုံခံတန်ဆောင်းတွင် ရွှေဝက်ကြီးတစ်ကောင်ကို သွားရောက်ကြည့်ရှုနိုင်ပါသည်။ ဟိုးအရင် တစ်ချိန်က တောဝက်များ နေထိုင်ကျက်စားရာဒေသဖြစ်ပြီး ရွှေရောင်အဆင်းရှိသော တောဝက်ကြီး တစ်ကောင် လာရောက်ဖူးမြော်ယင်း ကျောက်ရုပ်ဖြစ်သွားသည်ဟု တစ်ဆင့်စကား ကြားသိခဲ့ရပါသည်။ ဘုရားစေတီတော် များတွင် ရှေးဟောင်း အနုပညာရုပ်လုံးများနှင့် ပန်းပုလက်ရာမြောက်များစွာကို ဖူးတွေ့နိုင်ပါသည်။ နှစ်ပေါင်း ၂၀၀ ကျော် ရှိပြီဖြစ် ကြောင်းလည်း သိရှိရပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအနေဖြင့် သွားရောက်ဖူးမြော် သင့်သော ရှေးဟောင်း ဘုရားတစ်ဆူဖြစ်သည်ဟု ထင်မြင် မိပါတော့သည်။

Sunday, January 4, 2009

ခွင့်လွှတ်ပါမေမေ

မေမေနှင့် ခွဲခွါနေရသူများသို့

သား မေမေကို သိပ်သတိရပါတယ် မေမေ။ မေမေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့လည်း သားဆုတောင်းနေမိပါတယ်။ သားဒီတစ်ဆောင်းလည်း မေမေ့ဆီကို အရောက်ပြန်မလာနိုင်သေးတာ ခွင့်လွှတ်စေချင်ပါတယ်။ အလုပ်ကဘဲအရေးကြီးသလား မေမေဆီ ကိုဘဲ အပြေးပြန်လာရမလား ဝေခွဲမရ ဖြေခဲလှပါတယ်မေမေ။ ကျွန်တော် မေမေကို နေစဉ်နှင့်အမျှ သတိရနေပါတယ်ဆိုတာ မေမေသိစေချင်ပါတယ်။ မေမေနှင့် ခဏခဏ တွေ့နိုင်ဖို့ ဘုရားမှာဆုပန်ရတာလည်း အကြိမ်ကြိမ်ပါဘဲလေ။ ဘယ်တတ်နိုင်မလဲ မေမေရယ်။ ပျော်ရာမှာ မနေ တော်ရာမှာ နေနေရတဲ့ ဘ၀တွေမို့လား။ သား ဘ၀ဆက်တိုင်းဆက်တိုင်း မေမေနဲ့ အိုးမကွာ အိမ်မကွာ နေရစေလိုကြောင်း မေမေဆုတောင်းပေးပါနော်။

မေမေကို သိပ်ချစ်တဲ့

သား

Saturday, January 3, 2009

မရူးနိုင် မယားနိုင်တဲ့နေ့

(New Year!)နှစ်ဟောင်းတစ်နှစ်ဖြစ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ မြူခိုးတွေဝေနေခဲ့လေရဲ့။ မြူခိုးတွေနဲ့အတူ ဝေချင်သူတွေကလည်း ၁၂ နာရီဆိုတဲ့ အချိန်ကို စောင့်ရင်းပေါ့။ ဒါပေမယ့် သူတစ်ယောက်ကတော့ အခန်းကျဉ်းလေးထဲမှာ ဖက်ဆေးလိပ်လေး ဖွာနေရရှာတယ်။ သူလည်း အများသူငါလို နှစ်ဟောင်းကို ဂွတ်ဘိုင်လုပ်ပြီး နှစ်သစ်ကို ၀ဲလ်ကမ်း လုပ်ချင်တာပေါ။ လူသားတစ်ဦးဘဲလေ။ မဆန်းပါဘူး။

အများလိုဘဲ သူ့အတွက်လည်း လစာထုတ်ရက် ပေးဒေးပါဘဲ။ ပေးဒေးနဲ့အတူ ပေးလိုက်ရတဲ့ အကြွေးတွေက လက်စမသတ်။ (လကုန်လျှင် အကြွေးဆပ်သူများကိုသာ အကြွေးရောင်းမည် ဖြစ်ပြီး အကြွေးမဆပ်သူများကို အကြွေးမရောင်းပါ)ဆိုသည့် ဆိုင်းဘုတ်ချိတ်ဆွဲထားသော ဆိုင်ကိုလည်း ဆပ်ခဲ့ရသေးသည်။ ဘေစာရင်းကလည်း နယ်နယ်ရရမဟုတ်။ တစ်လကို လ္ဘက်ရည်ဆိုင်က စာမျက်နှာမှာ မှတ်တမ်းတင်ခဲ့လေရဲ့။

အိမ်ရှင်မကလည်း တစ်လစာဈေးဖိုးတဲ့။ သားသား မီးမီးများကလည်း စာအုပ်ဝယ်ပေး၊ ခဲတံဝယ်ပေးနဲ့ တစာစာပူဆာနေလေရဲ့။ ဘီယာတစ်လုံးဝယ်လိုက်လျှင် ၁၂၀၀ိ/-၊ အသားကင် အတောင်ပံတစ်ချောင်းကို ၄၀၀ိ/-၊ ပေါင်ဆိုယင် ၇၀၀ိ/-တဲ့။ ကျွန်တော့်ညီလေးပြောဖူးတာကို သတိရမိလေရဲ့။ The Prize are always to the Sky! တဲ့။ သြော် ငါ့အတွက်တော့ သူများတွေလို မရူးနိုင် မယားနိုင် ရှာတော့ပါဘူး။ လူဂုဏ်တန်တွေ လူ့မလှိုင်တွေမှ ရူးတိုင်ယားနိုင်တဲ့နေ့ ဘဲဖြစ်မှာပါလို့ တွေးယင်း ဆေးလိပ်တိုကို မီးညှိလိုက်ရတယ်။ ဘေးမှာတော့ အနီရင့်ရောင်ကနေ နီညိုရောင်သမ်းနေတဲ့ ရေနွေးကြမ်းခွက်လေးကို ကောက်ကိုင်ယင်း တစ်ကြိုက်တော့ မော့လိုက်ရတာပေါ့လေ။ ဂလု--------ဂလု----------------

အဲဒီလိုသူအတွက် သူ ဘယ်လိုရူးပြီး ဘယ်လိုယားနိုင်ရှာမလဲ (New Year!)ရယ်။

သိန်းငှက်တစ်ကောင် ပြန်လည်မွေးဖွားခြင်း


သိန်းငှက်တစ်ကောင်၏ ပျမ်းမျှသက်တမ်းသည် နှစ်ပေါင်း ၇၀ အထိ နေနိုင်သည်ဟု သိရသည်။ သို့သော် သူသည် နှစ်ပေါင်း ၄၀ အထိ သူ့ဘ၀ကို အားမာန်အပြည့် သတ္တိအပြည့်ဖြင့် ဝေဟင်တွင် ကျင်လည်စွာ ဖြတ်သန်းခဲ့ရသည်။ သူ့၏ ၀မ်းစာအတွက် သားကောင်များကို ထက်မြက်လှစွာသော သူ၏ နှုတ်သီးဖြင့် ထိုးသုတ်နိုင်ခဲ့၏။ ထိုးသုတ်ပြီးသည့် သားကောင်ကို လည်း မြဲမြံလှသော သူ၏ ခြေချောင်းများဖြင့် ဆွဲယူ ကုတ်တွယ်နိုင်ခဲ့၏။ ထိုသို့ ကုတ်ယူ ထိုးသုတ်ပြီးနောက် သူ၏ အားများဖြစ်သော အတောင်ပံများကို တဖျန်းဖျန်းရိုက်ခတ်ကာ ဝေဟင်မှာ လေဟုန်စီးပြီး လိုရာခရီးကို ရောက်နိုင်ခဲ့၏။

သူ၏သက်တမ်း နှစ် ၄၀ ခရီးရောက်သော် သူ့ဘ၀အတွက် အပြောင်းအလဲကြီးတစ်ခုနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရတော့မည်။ သူ၏ နှုတ်သီးများသည် အရင်လို မထက်မြက်တော့။ မချွန်ထက်တော့ပါ။ တဖြည်းဖြည်းကွေးလာ သောကြောင့် သားကောင်ကိုလည်း မထိုးဆိတ်နိုင်ခဲ့ပါ။ သူ၏အားကိုးရာ ခြေသည်းများသည်လည်း တဖြည်းဖြည်းရှည် လာသောကြောင့် ကုတ်ယူခြင်းငှာ မစွမ်းဆောင်နိုင်။ သူ၏ သန်မာသော အတောင်များသည်လည်း ကြီးမားလေးလံလာသောကြောင့် လိုရာခရီးကို မပျံသန်းနိုင် ရှာတော့ပေ။ ထို့ကြောင့် သူသည် ပျံရင်းသေမလား။ ကြံရင်းသေမလား ဝေခွဲမရ ဖြေနိုင်ခဲသော ကာလသို့ရောက်လာပေသည်။

သူဘ၀အတွက် နောက်ထပ် နှစ်ပေါင်း ၃၀ နေနိုင်ဖို့ အပြောင်းအလဲတစ်ခုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ရလေတော့သည်။ ထို့ကြောင့် သူသည် တောင်ကုန်းထက်သို့ ပျံတက်ကာ သူ၏ ရှည်လျှား လွန်းသော ခြေသည်းများကို တောင်စောင်းနှင့် ရိုက်ချိုးရလေတော့သည်။ မည်မျှနာကျင်မည်ကို ကား မတွေးရဲစရာပေ။ ထို့နောက် ကွေးကောက်လာသော သူ၏ နှုတ်သီးကိုလည်း တောင်ကမ်းပါးယံနှင့် ပွတ်တိုက်၍ သွေးရပေဦးမည်။ သူ၏ပြောင်းလဲခြင်းကား ပြီးနိုင်ခဲလှသည်။ သူ၏ လေးလံ လာသော အတောင်ပံများကိုလည်း နှုတ်သီးဖြင့် တစ်ချောင်းချင်း ဆွဲနှုတ်ဖယ်ရှားရပြန်သည်။ အသည်းခိုက်အောင်နာပေမည့် သူ့အတွက် မျှော်လင့်ချက်ကား နောင် နှစ်ပေါင်း ၃၀ ပင်။

ဒီလိုနဲ့ သူ့ဘ၀ သူခန္တာကို ရက်ပေါင်း ၁၅၀ ကြာ ညှဉ်းပန်းနှိပ်စက်ခဲ့ရသည်။ ရက်ပေါင်း ၁၅၀ ပြည့်သော် သူဘ၀သည် အသွင်သစ်၊ အမြင်သစ်၊ ဘ၀သစ်ကို နှုတ်သီးအသစ်၊ အတောင်ပံ အသစ်၊ ခြေချောင်းအသစ်များဖြင့် ဘ၀ပင်လယ်ဝယ် အားမာန်အပြည့်နှင့်-------------

(ဒီမက်စေ့ခ်ျလေးကို ဖတ်ယင်း မိတ်ဆွေများလည်း Changes ကို-------------------)

ကျွန်တော် သင်တန်းတက်နေတဲ့ ကျောင်းက ကျောင်းအုပ်ကြီးက ဒီနေ့ ဒီမက်စေ့လေး ပေးလိုက် တာပါ။ အားလုံးကို မျှဝေလိုက်ပါစေ။