Tuesday, December 11, 2007

“ရေချမ်းစင်”ရွာသားလေးရဲ့ ရေချမ်းစင်

နွေကာလ သဲဆန်ဆန်မြေတွေက သံလျပ်ခိုးဝေလို့နေသည် တစ်ရွာနဲ့ တစ်ရွာကြား သွားလာစရာဆိုလို့ ခြေဗလာကိုသာ အားကိုးကြသူများ အဖို့ အညာခရီးတစ်လျှောက် ခရီးတစ်ထောက်နားစရာ ရှားလှသည်မို့ မျှော်ငေးရင်း လျှောက် “အင်း ရောက်တော့မှာဘဲလေ” လို့တွေး ခံတွင်းလည်းခြောက် လှပြီ ပဲလေ တံတွေးကို အပြန်ပြန်မျိုချလွန်းသည်ထင့် ထွက်စရာ တံတွေးပင် ဘယ်ရောက်ကုန်ပြီမသိတော့ နေပူကျဲကျဲထဲ အရိပ်ပဲ အဖော်ပါလာသူအဖို့ လျှောက်ပြီးရင်းလျှောက်-------လျှောက်---လျှောက်---------------
ဟော----ဟိုး ကုန်းမို့မို့ထိပ်မှာ ရိုးတိုးရိပ်တိတ်နဲ့ ညောင်မုတ်ဆိတ်ကို လှမ်းကာမြင်ရ---- ရွာရောက်ပါပေါ့ လား၊ ရွာအ၀င် ပင်ညောင်ညို ပင်မြေတလင်းမှာ သစ်သားဒေါက်နှစ်ချောင်းကို ပင်စည်နဲ့တွဲ ရေအိုး တစ်လုံးစာတင် စင်ကလေးပေါ် ဆင်တုံးမနွယ်ပင်ခွေ အောက်ကခံလို့ အုန်းမှုတ်ခွက်နဲ ရေချမ်းစင်လေး မြင်သူအမောကိုပြေစေ---- ရေအေးလေး သောက်လိုက်ပြန်တော့ ကျောက်စက်ရေအလား လျှာဖျားတဆင့် “အေးကနဲ” တစ်ကိုယ်လုံးစိမ့်သွားလိုက်တာများ တစ်ခွက်ပြီးနောက်တစ်ခွက် ဆင့်သောက်မိ။ ပမ်းသမျှဟာ “နေလာနှင်းပျောက်”သလို လွှင့်စင်ပျယ်လို့ ဘယ်သူလှူတယ်မသိ ပေမယ့် “သာဓု”အခါခါခေါ်မိပါရဲ့ ကုသိုလ်ရှင်ရယ်----------------။
“ရွာ”လို့ တွေးမြင်လိုက်တာနှင့် တွဲလျက်မြင်မိစမြဲဖြစ်တာက ရွာထိပ်ညောင်ညိုရိပ်က “ရေချမ်းစင်” လေးရယ်ပါ။ ဒီ ရေချမ်းစင်လေးကိုပဲ အစွဲပြုလို့ ကျွန်တော်တို့ရွာလေးကိုလည်း “ရေချမ်းစင်”လို့ ကမ္ဗည်းတင်ခဲ့ကြ တာနေမှာပေါ့---------
“ရေချမ်းစင်” ဓလေ့ဟာ ဘယ်ကစခဲ့တယ်မသိပေမယ့် မြတ်နိုးဖွယ် ကျေးလက်ရဲ့ ပြယုတ်လေးဆိုတာ ငြင်းမရပါဘူး။ လမ်းသင့်တဲ့ ရွာထိပ်ညောင်ပင်ရင်း တလင်းပြောင်အောင်ရှင်းလို့ သဲမြေစေးအိုး ခပ်လတ်လတ်နဲ့ စိမ့်တွင်းကရေ ကိုသယ် သဲမွမွပေါ် ဆင်တုံးမနွယ်ခွေ တင်ထားတဲ့ စင်လေးပေါ် တင် အုန်းမှုတ်ခွက် တုတ်ထိုးတပ်ပြီး ခွက်အဖြစ်တင်ထားလိုက် တယ်ဆိုပေမယ့် ရတဲ့ကိုသိုလ်များကျပြန်တော့ အားကျစရာ တစ်ပုံတပင်ပါဘဲ။ မတောင်းပဲရတဲ့ ရေအကျိုးဆယ်ပါးတွေက (၁) လျှင်မြန်ခြင်း၊ (၂)သန့်ရှင်းစင်ကြယ် ခြင်း၊ (၃) ကျော်ကြားလူသိများခြင်း၊ (၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊ (၅)အခြွေအရံ များခြင်း၊ (၆) အသက်ရှည်ခြင်း၊ (၇) အဆင်းလှခြင်း၊ (၈) ချမ်းသာကြီးခြင်း၊ (၉)ခွန်အားဗလကြီးခြင်း၊ (၁၀) ဉာဏ်ပညာကြီးခြင်း စတဲ့ ဆုတွေရသတဲ့။ လောလောဆယ် ပစက္ခမှာတောင် ခရီးသွားတွေရဲ့ “သာဓု”ခေါ် မေတ္တာပို့သံတွေနဲ့ကုသိုလ်တွေရနေလိုက်တာများ “လူလိုမှနတ်လို” “နတ်လိုမှ ဂြိုဟ်မ”ဆိုတဲ့စကားအတိုင်း စိတ်လက်ချမ်းသာစွာနဲ့ ကျက်သရေမင်္ဂလာ တိုးသည်ထက် တိုးတက်နေမှာ ဧကန်ပါလေ-----------။
ခရီးသွားသူတွေချင်း ရေချမ်းစင်လေးမှာ ခေတ္တနားသည့်ကာလ အရပ်ရှစ်မျက်နှာ ဆီက သတင်းတွေဖလှယ်ကြ… ပါးစရာအမှာစကားတွေ တဆင့်ပြောပေးဖို့ စကားလက်ဆောင်တွေ ပါးကြ… စားစရာတွေ ဝေကာမျှကာစားကြပါစို့ မိတ်ရင်းဆွေ ပမာ ဖြစ်သွားတတ်သည့် နေရာလေးမို့ “မေတ္တာရပ်ဝန်းလေး”ဟုပင် ကင်ပွန်းတပ်ချင်မိပါသည်။
ကျွန်တော့်ရဲ့ “ရေချမ်းစင်”ဟု အမည်ပေးထားသော သည် yechansinn.blogspot.com ကလေးကိုလည်း ကျွန်တော်မြတ်နိုးသော ကျွန်တော့်ရဲ့ “ရေချမ်းစင်”ရွာငယ်လေးလို့ ပညတ်သွားရာ ဓာတ်သက်ပါစေ ချင်လှပါသည်။ “ရေချမ်းစင်” ရွာသားပီပီ ရေချမ်းစင်ဝတ် ကျေပွန်အောင် ဖြည့်စမ်း ချင်လှသည်။ ထို့ကြောင့်လည်း ရွာအစွဲကြီးသူမို့ ဒီဘလော့ လေးကို “ရေချမ်းစင်”ဟု အမည်ပေးမိသည်ကအစ…. ၀င်ရောက်ကြည့်ရှု အားပေးသော မိတ်သင်္ဂဟများအားလုံး မေတ္တာရေစင်အေး သောက်သုံးသွား ရသလို စိတ်ကြည်လန်းဆန်း ချမ်းမြေ့စေချင်ပါသည်။
Net ဆိုသော အရိပ်ဆိုင်းဆိုင်း ပင်ညောင်ကြီးအောက်မှာ ဘ၀အမောတွေအတွက် ခေတ္တနားခိုစဉ်ခဏ Blog ဟူသော ရေစင်အေးကို သောက်သုံးရင်း အသိအမြင် အတွေးချင်း အပြုံးပန်းဝေစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ကြစေချင်သည်။ တခဏတာ မိတ်ဆွေမှသည် သံသရာခရီး အထောက်အကူပြုနိုင်မည့် မိတ်ဆွေများဖြစ်သည့်အထိ မိတ်ကောင်းဆွေမွန်များအဖြစ် ထာဝစဉ် ရပ်တည်သွားစေ ချင်ပါသည်။
လမ်းသင့်လို့ ကြုံအခိုက် ကျွန်တော့်ရဲ့ “ရေချမ်းစင်” မေတ္တာရေအေးလေးကို သောက်သုံးပါလှည့်ဟု ထာဝရ ဖိတ်ခေါ်နေမိပါတော့သည်။ ။

Thursday, December 6, 2007

“မိဘကိုရိုသေပါ”---အဘယ်ကြောင့်ဆိုသော်------

ကျွန်တော် (၁၆)နှစ်သားအထိ မိဘကို ရိုသေရမှန်း ကိုးကွယ်ရမှန်းမသိပါ။ အဲဒီအချိန်တွေက ကျွန်တော် ဆိုးကောင်း မိုက်ကောင်း ပြန်ခံပြောလို့ ကောင်းတုန်းအချိန် တွေဖြစ်ခဲ့သည်။ ကျွန်တော့် အမေကတော့ အရမ်းစိုးရိမ်ကြောင့်ကြသည်။ သားသမီးများအပေါ်တွင် အမြဲတမ်း စိုးရိမ် စိတ်ပူနေ တတ်သည်။ အမေဘဲလေ--------။ “သားရယ် ကျောင်းသွားတာ အလုပ်သွားလုပ်တာကျနေတာဘဲ။ အင်္ကျီတွေလည်း ပေပွနေတာဘဲ”လို့ ပြောယင် ကျွန်တော်မကြိုက် “ကိုယ့်ဘာသာလျှော်မယ် အမေဘာမှ ပြောမနေနဲ့”ဟု ပြန်ပြော ခဲ့သည်။ ကျွန်တော် အမြဲ ကွန်ပလိန်း တက်ခဲ့သည်။ ကိုယ့်သားကို အရိပ်တကြည့်ကြည့်နေတဲ့အမေက သူရင်ထဲမှာ သားကိုပြော စရာတွေတစ်ပုံကြီးရှိနေသည်။ သားကို တော်စေချင်သည်။ ချွန်စေချင်သည်။ ထက်စေချင်သည်။ လူလူချင်း၊ သားသားချင်းယှဉ်လျှင် နှာတစ်ဖျား သာစေချင်သည်။ ထို့ကြောင့်လည်း သားမကြိုက် ကြိုက်ကြိုက် အမေပြောရတော့ မည် ဘဲလေ။ ထမင်းစားလည်း ထမင်းနဲ့ဟင်းတွေ ပွနေ အောင်နယ်နေလျှင်၊ ထမင်းစေ့များ ပန်းကန်ပြားအထက်တက်နေလျှင် “သား လူမြင်လို့ မကောင်းဘူး”ဟုပြောလျှင် ကျွန်တော်ထမင်းဆက်မစားတော့။ ကျွန်တော် မကြိုက်သောဟင်းများချက်လျှင် ထမင်းမစားတော့ပါ။ ကျောင်းတက် ရက်ဆိုလျှင်လည်း ထမင်းဘူး ယူမသွားချင်၍ ထားခဲ့သည်။ အမေကတော့ သားစားလေ့စားထရှိသော ဟင်းကိုလုပ်ကာ လာပို့ရှာသည်။ အမေ တော်တော်ရှုပ်သည်ဟုသာမြင်မိသည်။ ကျေးဇူးတင်ဖို့ ဝေးလေစွ။ ဘောလုံးသွားကန်လျှင်လည်း အမေမကြိုက်။ “ဘာဆုတွေရမှာမလို့လဲ။ အမေမွေးတုန်း ကအကောင်း ကျိုးသွားတော့ ဘယ်သူဆေးကုပေးမှာလဲ”ဟု အမေ ပွစိပွစိ ပြောနေသည်။ “အမေက တော်တော်စကားများ တာဘဲဗျာ။ ကျိုးယင်ကောက်ဆက်မယ်”ဟု ပြောခဲ့မိသည်။ အင်္ကျီအကောင်း များကို ည၀တ်အိပ်လျှင်လည်း “သားရယ် အ၀တ်အစားအကောင်းတွေကို ည၀တ်မအိပ်ပါနဲ့။ တစ်ည၀တ်အိပ်တာနဲ့ တစ်လ၀တ်တာအတူတူဘဲ။ ဟောင်းလွယ် ကြေလွယ် တယ်”ဟု အမေက ပြောသောအခါ “အမေတို့ကလည်း လူကိုအမြဲတန်း ဘောင်ကန့် ချုပ်ချယ်နေတာဘဲ။ ကျွန်တော် ဘယ်လိုနေရမလဲ အမေဘဲ ပြောပါတော့ဗျာ။ အိမ်မှာနေရတာ တော်တော် စိတ်ကုန်တယ်”ဟု ပြောခဲ့သည်။ နောက်ဆုံး ကုန်ကုန်ပြောရယင် အိမ်မှာမနေဘူးဗျာဟိုဆိုကာ အဘ(အဖေရဲ့ အဖေ)အိမ်သို့ ထွက် သွားခဲ့သည်။ ကျောင်းပိတ်ရက် သူငယ်ချင်းများနှင့် ချိန်းကာ ငှက်လိုက်ပစ်လျှင်၊ ငါးမျှားထွက်လျှင်လည်း အမေက “သား ၀ဋ်လည်တတ်တယ်။ မိတကွဲ ဖတကွဲဖြတ်တတ်တယ်”ဟု ပြောလေသည်။ အမေကို အကောင်းမမြင်၊ အမေပြောသမျှ အပိုတွေပြောနေသည်ဘဲ ထင်မိခဲ့သည်။ အဲဒီတုန်းကတော့ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေရယင် ကောင်းမှာဘဲ၊ အိမ်ကထွက်သွားတာ လွတ်လပ်မယ်၊ ကိုယ်လုပ်ချင်ရာလုပ်မယ်လို့ စိတ်ကူးမိခဲ့သည်။
ခုတော့ ကျွန်တော် မိဘရိပ်၊ အမေ့အရိပ်က ဝေးရာကိုရောက်နေခဲ့တာ ၇ နှစ်ကျော်သွားပြီလေ။ ခုတော့ အမေရဲ့ ပွစိပွစိစကားတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဖြစ်ခဲ့ရသည်။ ကိုယ့်ဘ၀ကိုကျောင်းပြီး ကိုယ့်လမ်းကို လျှောက်နေ တော့မှ အမေ့စကားတွေက အဖိုးတန်မှန်း သိခဲ့ရသည်။ ခုတော့ အ၀တ် လည်း ကိုယ့်ဘာသာလျှော်၊ ထမင်းဟင်းလဲ ကိုယ့်ဘာသာချက်၊ ကိုယ့်ကျန်းမာ ရေးကိုလည်း ကိုယ့်ဘာသာဂရုစိုက်ရတော့သည်။ တစ်ချိန်က မိဘကို ပြန်ပြောခဲ့သမျှ ကျွန်တော် ဒီ ၇ နှစ်တာကာလမှာ လျှောက်လှမ်းသမျှ အနှောင့်အယှက် တွေဖြစ်ခဲ့ရသည်။ ဖြောင့်ဖြောင့်ဖြူးဖြူးမရှိလှ။ လွယ်လွယ် အဆင်ပြေမယ့် ဟာက ခက်ခက်ခဲခဲလုပ်ယူရသည်။ မိဘကို စိတ်အနှောင့် အယှက်ဖြစ်အောင် လုပ်ခဲ့မိလို့ ကျွန်တော် ခုလိုဖြစ်နေရသည်ဟု ကျွန်တော်ယုံ ကြည်သည်။ ထို့ကြောင့်လည်း နောင့်နောင် ဒီလိုမဖြစ်ချင်တော့ပါ။ ခလုပ်ထိမှ အမိတသည်ဘဲပြောပြော အချိန်မနှောင်းခင်ရသည့် မိမိ၏နောင်တကို ကြိုဆိုရမည်။ ပြင်ဆင်ရမည်။ ဒီကရှေ့ မိဘကိုရိုသေတော့မည်။ တတ်နိုင်သမျှ တစ်ကျပ်တစ်ပြား တတ်နိုင် တတ်နိုင် ကျေးဇူးဆပ်မည်။ ဆပ်သမျှ အမြတ်သာဖြစ်ပေတော့မည်။ အဖေအမေ့အပေါ် မိုက်မှား စော်ကား ပြန်ပြောခဲ့ မိသမျှ၊ အမေစိတ်အနှောင့်အယှက်ဖြစ်မိခဲ့သမျှကို ခွင့်လွှတ်ပေးပါ အမေဟု တိုက်ရိုက်ဖြစ်စေ၊ စာနှင့်ဖြစ်စေ အမြဲတောင်းပန်ဝန်ချခဲ့သည်။ ခွင့်လွှတ်ပေး နိုင်ပါစေ အမေ----ဟုသာ
(ကျွန်တော့်ပို့စ်ကို စိတ်ရှည်သည်းခံပြီး ဖတ်ရှုကြသော ဘလော့ဂါများ မိဘအပေါ်နားလည်ခွင့်လွှတ် သိတတ်ပြီး မိဘကျေးဇူးကိုဆပ်နိုင်သော သားသမီးထူး သားသမီးမြတ်များ ဖြစ်ကြပါစေဟု-ဆုမွန်ချွေလျှက်)

“အတုအပ သတိပြုပါ”

“သင်အလိုရှိရာ အတုများကို ဖန်တီးပေးသည်” ဟူသော
ကြော်ငြာတစ်ခု၏ နောက်ဆုံးစာကြောင်းက
“အတုအပ သတိပြုပါ” ဟူ၍ဖြစ်ရာ
“အတုအပကိုသာ အသုံးပြုပါ”ဟု ဆိုသလော။
“အတုအပကို သတိပြုရှောင်ရှားပါ”ဟု
ဆိုလေသလော နှစ်ခွဖြစ်နေသည်။
(ကောင်းဦး)

Monday, December 3, 2007

အိမ်သို့အပြန်

ကျွန်တော် အိမ်ကိုပြန်မည်ဟု ဆုံးဖြတ်ချက်ချပြီးကတည်းက ရင်တွေခုန်နေသည်။ အိမ်ကို မြန်မြန် ရောက်ချင်စိတ်က ကြီးစိုးနေလေပြီ။ ကျွန်တော် အဘက်ဘက်ကပြန်စဉ်းစားကြည့်တော့ ကျွန်တော် အမေ့အိမ်ကို ပြန်မ ရောက်တာ ၂ နှစ်တောင်ရှိသွားပြီလေ---။ အမေနဲ့ မတွေ့ရ တာလည်း ၂ နှစ်ပေါ့။ အမေက ရိုးသားလှတဲ့တောသူဆိုတော့ ဖုန်းလည်း မပြော ဖူးဘူး။ သားဆီကို တစ်ခါမှဖုန်းဆက်သည်မရှိ။ ဖုန်းဆက်ရအောင်လည်း မြို့ကိုသွားပြီးမှ ဆက်ရသည်။ သြော် -- အမေ့ရင်ထဲဘယ်လိုနေသည်မသိ။ ကျွန်တော့်ရင်ထဲတော့ အမေသာ လွှမ်းမိုးနေလေပြီ။ ဒီလိုအတွေးများစွာနဲ့ အောင်မင်္ဂလာအဝေး ပြေးဂိတ်ကို လက်မှတ်ဝယ်ဖို့သွားခဲ့သည်။ ရန်ကုန်-ရေနံချောင်း ကျွန်းဆွယ်ကား ဂိတ်ရောက်တော့ ညီလေးရေ လက်မှတ်က ကုန်သွားပြီဆိုတဲ့ အရောင်းစာရေး၏ ပြောသံကြောင့် ကျွန်တော်ဘယ်လိုမှမနေပါ။ ဘာ့ကြောင့် လဲဆိုတော့ ကျွန်တော်ဒီရက်မှာ အိမ်ကို မရောက်ရောက်အောင်ပြန်မယ်လို့ ဆုံးဖြတ်ထား လို့ပါဘဲ။ ကျွန်တော့်အတွက်ကတော့ ဘယ်လိုဘဲပြန်ရပြန်ရ အမေ့အိမ်ကို ရောက်သွားဖို့ဘဲ အဓိက။ ရပါတယ်အစ်ကို။ ဘယ်လိုနည်းနဲ့ လိုက်ရလိုက်ရ လိုက်မယ်ဗျာလို့ ပြောလိုက်တော့ ကျွန်တော့်ကို မယုံသလို မော့ကြည့်သည်။ တကယ်လားတဲ့။ ပြောရက်လိုက်တာလို့ စိတ်ထဲ ရေရွတ် လိုက်မိသည်။ တကယ်ပါလို့မပြောတော့ဘဲ ကားလက်မှတ်ဖိုး ထုတ်ပေးလိုက် တော့မှ ငြိမ်သွားသည်။ မနက်ဖြန်ဆို အိမ်ပြန်မည်။ နောက်တစ်နေ့ ဆွမ်းခံဝင်ချိန် (၁၁း၀၀)အချိန်ဆို ဧရာဝတီမြစ်ကမ်းနံဘေးက အမေ့အိမ် ရှိတဲ့ရွာလေးကိုရောက်ပြီ။ ရန်ကုန်မြို့ကြီးမှာ မွန်းကြပ်နေသမျှ အမေ့အိမ်ရောက်မှ အပမ်းဖြေမယ်လို့ ဆုံးဖြတ်လိုက်မိသည်။ ဒီလိုနဲ့ ညနေ(၄း၀၀)နာရီမှာ ရန်ကုန်-ေ၇နံချောင်း အဝေးပြေးကားကြီးကိုစီးပြီး အိမ်အပြန်လမ်း ကားပေါ်မှာ တစ်ညတာခရီးကို ဘယ်လိုဖြတ်သန်းရမည်မသိ။ အိပ်လို့လည်းမရ။ နေမထိထိုင်မရဖြစ်နေမိသည်။ အိမ်သို့သာ အပြေးရောက်နေချင်မိ သည်။ ကားစပယ်ယာကလည်း သီချင်းများနှင့် တစ်မျိုးပြီးတစ်မျိုး မရိုးအောင် ဖျော်ဖြေနေသည်။ ဒီလိုနဲ့ မနက်မိုးသောက်လို့ ရောင်နီအလာမှာတော့ ဧရာဝတီမြစ်ကမ်းနံဘေးက သစ်တပွေဆိုတဲ့ ရွာလေးမှာ ကားကိုရပ်ခိုင်းလိုက်သည်။ ကားပေါ်မှအဆင်း မှာတော့ အညာရနံ့က ရင်တွင်းသို့ တိုးဝှေ့ဝင်ရောက်လာသည်။
မြစ်ကမ်းနားကို ဆင်းပြီး ရရာစက်မော်တော်ကို ငှားပြီး ဧရာဝတီမြစ် တစ်ဘက် ကမ်းကို ပို့ခိုင်းရသည်။ တစ်နာရီခွဲကြာ သဲသောင်များကို ပတ်ကာ ဧရာဝတီမြစ်ကို ကန့်လန့်ဖြတ်မောင်းနေသော စက်မော်တော် ပေါ်တွင် ကျွန်တော့ အတွေးများလည်း ဟိုတစ်စ ဒီတစ်စလွင့်ပျံ့နေသည်။ သဲသောင်ခုံများ ပေါ်တွင် တံငါလုပ်ငန်းကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြု နေထိုင်သူ မိသားစုများရဲ့ တဲအိမ်ငယ်များကို ဟိုတစ်လုံး ဒီတစ်လုံး တွေ့နေရသည်။ ဧရာဝတီ မြစ်ပြင်တစ်လျှောက်မှာတော့ ငါးဖမ်းတံခါလှေများဖြင့် ပိုက်ချက ငါးဖမ်းနေ ကြသည်။ တစ်ဘက်ကမ်းကိုမြင်ရချိန်မှာတော့ ညီဖြစ်သူက နွားလှည်းပေါ်တွင် မတ်တပ်ရပ်ကာ ကျွန်တော့ကို အော်ပြီး လက်ပြ နေသည်။ “အစ်ကိုရေ လှည်းပါတယ် ဟေ့”တဲ့။ တောတွင်နေထိုင်သူပီပီ အာပေါင်အာရင်းသန်သန်နဲ့ ကျွန်တော့ကို အော်ပြောသည်။“အေးအေး ညီလေး“ဟု ပြန်ပြောရရှာသည်။ စက်မော်တော်ပေါ်ကအဆင်း ညီလေးက ခရီးဆောင်အိတ်ကို ၀ိုင်းကူသယ် ပေးသည်။ အမေမပါဘူးလားဟု မေးတော့ အိမ်မှာ အစ်ကို့အကြိုက် ဟင်းတွေချက်နေတယ်။ မနက်အစောကြီးကတည်းက ချက်နေတာ။ ခုထက်ထိမပြီးသေးဘူး အစ်ကို။ မလိုက်တော့ဘူးသားလေး။ မင်းအစ်ကိုမေးရင် ကမ်းနားမှာ ထမင်းမစားခဲ့နဲ့လို့ အိမ်မှာ အမေချက် ထားတယ်ပြောဟု မှာလိုက်ရှာသည်။ ကျွန်တော့ရင်ထဲ ဆို့နင့်သွား သည်။ အေးအေးညီလေးဟုသာ ဖြေနိုင်သည်။ ညီလေး မြန်မြန်မောင်းကွာဟု နွားလှည်းကို အတင်းမောင်းခိုင်းရသည်။ လှည်းပေါ်တွင်လည်း တစ်ဆွေလုံး တစ်မျိုးလုံး၏ အကြောင်းများကို မကုန်နိုင်မခမ်းနိုင် မေးရသည်။ အစ်ကို ဘယ်သူကဘယ်လို။ ဘယ်ဦးလေး၊ ဘယ်အဒေါ်က အိမ်နဲ့ စကားမပြောကြဘူး။ အို စုံနေတာဘဲ။ ဆိုးတာရော ကောင်းတာရော နားထဲမဆန့်။ တရွေ့ရွေ့နှင့် ရွာဦးဆုတောင်းပြည့်ဘုရားနားရောက်တော့ ညီလေး လှည်းခဏရပ်ဦးကွာ အစ်ကို ဆင်းကန်တော့လိုက်ဦးမယ်ဟုဆိုကာ ၀င်ရောက်ဦးခိုက်ခဲ့ပါသည်။ ခဏကြာတော့ ရွာအ၀င်တွင် အမေက ထမီကိုမကာ မျှော်နေသည်ကို လှမ်းမြင်ရတော့ လှည်းပေါ်မှ ဆင်းကာ အမေ့ဆီသို့ အပြေးသွားပြီး အမေ့ကို ဖက်ထားမိသည်။ ရွာဝင်လမ်းရှိ အိမ်များမှ ထွက်ကြည့်ရှာသည်။
အမေက
“သားရယ် ဘာဖြစ်လို့ အကြာကြီး ပြန်မလာဘဲနေတာလဲ လို့ မေးရှာသည်”
“အမေရယ် သား အိမ်ကို ပိုက်ဆံမပေးနိုင်လို့ မပြန်ဖြစ်တာပါ”ဟု
ကျွန်တော့်ရင်တွင်းမှာရှိသည့်အတိုင်း ဖြေလိုက်မိသည်။
“ဖြစ်မှ ဖြစ်ရလေသားရယ်”ဟု ငိုကာ ပြောလိုက်သည်က
“အမေက သားဆီကငွေကိုမမျှော်ပါဘူးသား။ ”
သားကိုဘဲ မျှော်နေတာပါ သားရယ်တဲ့---------------
(အမေ့အိမ်သို့ မပြန်တာကြာပြီဖြစ်သော သားများသို့ ရည်ညွှန်းပါသည်။)

တကယ့်အလှူဆိုတာ

ကျွန်တော့်ရဲ့ကိုယ်တွေ့ ဖြစ်ရပ်ဖြစ်တဲ့ ဒီပို့စ်လေးကိုဖတ်ပြီး မိတ်ဆွေအပေါင်း တကယ့်အလှူကို လှူနိုင်ရန် ရည်ညွှန်းလိုက်ပါတယ်။ ကျွန်တော့်မိဘများက အဝေးရောက် နေတဲ့သား/သမီးတွေကို လှမ်းမှာလိုက်ပါတယ်။ လူလေးတို့ရေ အဖေနဲ့အမေက သားတို့ကို သင်္ကန်းစည်းပေးချင်းလို့ အလှူလေးတစ်ခု လုပ်ချင်တယ်လို့ မှာလိုက်ပါတယ်။ ဒီနေ့ဒီရက်ကို ရက်ကောင်းရက်မြတ် ရွေးပြီး လုပ်မယ်လို့ ရက်သတ်မှတ်လိုက်ပြီပေါ့။ ကျွန်တော်လည်း သိပ်အလေးအနက် မထားဖြစ်ခဲ့ပါဘူး။ အဖေနဲ့အမေက သားတွေကို သင်္ကန်းစည်းပေးရုံ အလှူးလေးဘဲနေမှာပါပေါ့။ ဒီလိုနဲ့ ညီအစ်ကိုတစ်တွေကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောတယ်။ အားလုံးကလည်း အလုပ်ခွင်အသီးသီးမှာ လုပ်ငန်းခွင်ဝင်နေကြတော့ ကြိုတင်ပြီး ဖုန်းဆက်ထားရတယ်။ ညီအစ်ကို တစ်တွေကလည်း ခွင့်ယူပြီး အားလုံးပြန်ကြမယ်ပေါ့။ ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံးပြန်ကြမယ် ဆိုပြီး တိုင်ပင်ကြတယ်။ ဒီလိုနဲ့အားလုံး ခွင့်ယူပြီး မွေးရပ်မြေရွာကလေးကို ပြန်ကြတာပေါ့။ အဲဒီကြမှ မိသားစုစုံစုံလင်လင်နဲ့ တွေ့ခွင့်ရခဲ့တာပါ။
ပွဲစနေ့နဲ့ ပွဲကြီးနေ့ဆိုပြီး ကျေးလက်ဓလေ့ထုံးစံအတိုင်း နှစ်ရက်သက်မှတ်ထား တယ်။ ပွဲစနေ့မတိုင်ခင်ကတည်းက ရွာမှာရှိတဲ့ကာလသားတွေ၊ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်လှပျိုဖြူတွေ အပါအ၀င် အားလုံးအိမ်မှာစည်းရုံး ရောက်ရှိလာ ကြတယ်။ ကိုယ့်လုပ်ငန်းရပ်အသီးသီးကို ခွဲဝေပေးပြီး မညည်းမညူ မမောနိုင် မပန်းနိုင် အလှူအတွက် ၀ိုင်းဝန်းကုသိုလ်ယူလိုက်ကြတာ ကျွန်တော် အားရလွန်းလို့ မျက်ရည်တောင်လည်မိခဲ့ပါတယ်။ အလှူအတွက် လာရောက်ကူညီ သူတွေကို အိုးကြီး အိုးငယ်တွေနဲ့ ချက်ပြီး ကျွေးရတာ တကယ့် အလှူပါလားလို့ ၀မ်းသာပီတိဖြစ်မိတယ်ဗျာ။ ကြက်သွန်လှီးတဲ့ အမျိုးသမီးတွေက လှီး၊ မဏ္ဍပ်ဆောက် တဲ့သူကဆောက်၊ ပစ္စည်းလည်ငှားတဲ့သူက ငှား ရုပ်ရုပ်သဲသဲနဲ့ စည်ကားလိုက်တာမပြော ပါနဲ့တော့ဗျာ။
တကယ့်အလှူပွဲကြီးနေ့မှာတော့ ဖိတ်ကြားထားတဲ့ ရပ်ဝေး ရပ်နီးက ဧည့်သည် မိသင်္ဂဟအပေါင်း ကြွရောက်ကာ ချီးမြှင့်ကြတာ အလှူမဏ္ဍပ်တစ်ခုလုံး ပြည့်လျှံသွားခဲ့ တယ်။ အလှူရဲ့ဓလေ့ထုံးစံဖြစ်တဲ့ အလှူထမင်းဟင်း (ပွဲရိုး) ခေါ် (ထမင်းဖြူ၊ ကုလားပဲဟင်းချို၊ ကြက်သွန်ကြော်၊ သရက်ချဉ်၊ ငရုတ်သီးကြော်) တို့ဖြင့် တည်ခင်း ဧည့်ခံတဲ့ ထမင်းကျွေးရုံကြီးတစ်ခုလုံး နေရာလပ်မကျန် ၀င်ရောက်သုံးဆောင်ကြတယ်။ မြို့တွေမှာလို ခင်မင်ရင်းနှီးမှ ဖိတ်စာပါမှ ဆိုတဲ့ ဘောင် အကန့်အသတ် မရှိပါဘူး။ ဆင်းရဲ ချမ်းသာမရွေး လူတန်းစား ပေါင်းစုံကို အဆင့်အတန်းခွဲခြားမှုမရှိဘဲ ကျွေးမွေးတာပါ။ ကုန်ကုန်ပြောရယင် အသည်တော်လို့ အရပ်ကခေါ်တဲ့ သူတောင်းစားတွေကိုပါ ကျွေးတာပါ။ တောဆန်ကြမ်း (၁၆)ပြည်ဝင် (၁၀)တင်းတောင် ကုသိုလ်လုပ်လိုက်ရတယ်။ ဘယ်လောက်မွန်မြတ်ဖို့ကောင်းပြီး၊ ဘယ်လောက်တောင် ပီတိထောမနသ ဖြစ်လိုက် မလဲဆိုတာ ဘလော့မိတ်ဆွေအပေါင်း မျှဝေခံစား ကုသိုလ်ပွား နိုင်ပါတယ်။
နောက်တစ်ဖက်မှာဘဲ သင်္ကန်းဗန်းယူဘို့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် ကျေးရွာလှပျိုဖြူတွေကလည်း ကိုယ်တတ်အားသမျှ အစွမ်းကုန် ပြင်ဆင် ချယ်သပြီး တန်းစီနေရာယူ၊ ကျေးရွာကာလသားများရဲ့ အိုးစည်၊ ဒိုးပတ်နဲ့ မင်းသား မင်းသမီး(ကျား) ကလည်း အတီးမြိုင်သမျှ အကဘက်က လည်း အလျော့မပေး ကွေးနေအောင်ကကြတာ ကမ်းကုန်လို့ပေါ့။ ဆင်လောင်းလှည်း တာဝန်ယူတဲ့ နွားလှည်းအလှပိုင်ရှင်များ ကလည်း ကိုယ့်နွားကို ကျော့နေအောင်ဆင်ပြီး ချူတွေတချွမ်ချွမ်နဲ့ မောင်းပြနေတာ ရွာရိုးကိုးပေါက်ပေါ့။ အားလုံးက ရွာလမ်းမကြီးမှာ နေရာယူပြီး ရွာဦးကျောင်းဆရာတော်ကို ဦးခိုက်ကြဖို့ စိုင်းပြင်းနေလေရဲ့။ ကျေးရွာရဲ့ အလှပဆုံး အပျော်ရွှင်ဆုံး နေ့ရက်လေးပေါ့။ လူတိုင်းတောင့်တနေတဲ့ ကျေးရွာ အလှူပွဲကြီးပါ။
ရွာဦးကျောင်းဆရာတော်ထံမှောက်ရောက်တော့ အားလုံးက လက်ဆယ်ဖြာမိုးပြီး သီလယူကြတယ်။ ဆရာတော်က သီလပေးပြီး ကြွရောက်လာတဲ့ ရပ်ဝေး ရပ်နီးက ဆရာတော် အရှင်သူမြတ်များကို ဆွမ်းခဲဘွယ်ဆက်ကပ်လှူုဒါန်းကြတယ်။ ဆရာတော်များ ကိုဆွမ်းကပ်ပြီးတဲ့အခါမှာတော့ အားလုံးစည်စည် ကားကား မှုန်တစ်ထောင်းထောင်းနဲ့ အလှူမဏ္ဍပ်ရှိရာကိုဦးတည်ပြီး ကျေးရွာတစ်ပတ် အလှပြဖျော်ဖြေ ကြတယ်။ ကျေးရွာ တစ်ပတ်ပတ်ပြီး အလှပြကြတာပေါ့။ ကျွန်တော်တို့ညီအစ်ကိုသုံးယောက်ကတော့ ဆရာတော်ရဲ့ ဆံပယ်ခြင်းကို ငြိမ်သက်စွာခံယူရတယ်။ အလှူဒါယိကာ အလှူဒါယိကာမ ဖြစ်တဲ့ အဖေနဲ့ အမေကတော့ ပုဝါဖြစ်တစ်ထည်ကို တစ်ယောက်တစ်ဖက်ကိုင်ပြီး ကျွန်တော်တို့ခေါင်းကပယ်လိုက်တဲ့ ဆံတော်တွေကို ၀မ်းသာစွာ ခံယူနေကြတယ်။
ညနေ ၃ နာရီထိုးတာနဲ့ အားလုံးအလှူမဏ္ဍပ်ကိုကြွရောက်ပြီး ငြိမ်သက်စွာ နေရာယူကြတယ်။ ပြုပြုသမျှ ဒါနကုသိုလ်ကို အမျှပေးဝေပြီး ရေစက်ချ မင်္ဂလာအခမ်းအနား ကို ငြိမ်သက်စွာကျင်းပတယ်။ ဆရာတော်က အလှူအတွက် တရားပေးပြီး အမျှပေးဝေတော့ အလှူဒါနအတွက် ရေစက်ခွက်နဲ့အတူ ၀မ်းသာ မျက်ရည်မိုး ရွာသွန်းနေတဲ့ ဒကာမ ကြီးမျက်နှာကို သံဃာစင်ပေါ်ရောက်နေတဲ့ ကျွန်တော်က တစ်ချက်ဝှေ့ကြည့်လိုက်ယင်း ရင်ထဲလှိုက်ဖိုခဲ့ရတယ်။
ရေစက်ချမင်္ဂလာအခမ်းအနားအပြီးမှာတော့ အသင့်စောင့်ကြိုနေတဲ့ အသံချက်စက် ဆရာကြီးက အလှူပွဲကြီးကို အောင်မြင်စွာပြီးဆုံးကြောင်း ဗျောသံနဲ့ညံနေအောင် အချက်ပေးလိုက်တယ်။
(နောက်တော အမေကပြောတယ်။ သားရယ် အမေလုပ်ချင်နေတဲ့ အလှူကို လုပ်လိုက်ရတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ဒီလိုမခံစားဖူးဘူးလို့ ရိုးသားလှတဲ့ တောသူအမေက ဖွင့်ဟ၀န်ခံခဲ့တယ်။ အမေ့ဘ၀မှာ အပျော်ရွှင်ဆုံး၊ ပီတိအဖြစ်ဆုံးနဲ့ အကြည်နူးဆုံးနေ့ကို ပြောပါဆိုယင် အဲဒီနေ့လေးပါဘဲလို့ ပြောလိုက်ရှာတယ်။)
ကျေးဇူးရှင် အဖေနှင့်အမေ ထာဝရ မုဒိတာပွား ကုသိုလ်ယူနိုင်ပါစေလို့ ဆုမွန်ချွေလျှက်

(ကျွန်တော်တို့မိသားစုအလှူအတွက် ၀ိုင်းဝန်းကုသိုလ်ယူ ကူညီပံ့ပိုးကြသော ကျွန်တော်၏ ကျေးရွာကလေးမှ ရပ်မိရပ်ဖအပေါင်း၊ ဆွေမျိုးများ၊ သူငယ်ချင်းအပေါင်းအသင်းများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ဤဘလော့ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။)

ထို့ထက်ပို၍

မာနတွေ ခ၀ါချ
အတ္တတွေကင်းစင်
ဟန်ဆောင်ခြင်းတွေဟိုအဝေး
အပြေးကလေးခိုဝင်
အမိတက္ကသိုလ်ရဲ့ ရင်ခွင်မှာလေ
သတိရပါသူငယ်ချင်း-------------
ကျောင်းကြီးရဲ့အဆောင်ပေါ်
မတော်တရော် အော်ခေါ်တဲ့အခါခေါ်
နေပျော်စရာပါ----------------
ဒိုးဒိုးဒေါက်ဒေါက်ဘုနဲ့ဘောက်
စိတ်ကောက်တဲ့အခါကောက်
သိပ်နောက်ကျလို့ပါ---------------
အမှားအမှန်တွေကို မဆန်းစစ်
အတန်းလစ်တဲ့အခါလစ်
ရယ်ရင်းမောရင်း
ရန်ဖြစ်တဲ့အခါဖြစ်
စိတ်မညစ်ဘူးနော်----------------
ဒီလိုနဲ့----------
-----------အဲဒီလိုနဲ့-----------
ရယ်မောသံတွေ ဆိတ်ငြိမ်သွားတဲ့အခါ
ပျော်ရွှင်မှု ပစ္စုပ္ပန်တွေ အတိတ်ဖြစ်သွားတဲ့အခါ
ဘ၀တစ်ဝက်ကို လှမ်းတက်ကြတဲ့အခါ
လျှောက်လှမ်းတစ်ခါ
ထိုင်ကာတစ်လှည့် ပြုံးသူမဲ့ချင်
လွမ်းပုံပြင်တို့ ဆုံဆည်းရာ
ကန်ရေပြင်ကို သတိရပါ----------
မြူနှင်းဝေေ၀
မိုးနှောင်းခြွေလည်း
တို့တစ်တွေလျှောက်လှမ်း တစ်မာတန်းက
အဓိပတိလမ်းလည်း သတိရပါ----------
ထီးတည်းမတ်စွာ ရှိခဲ့ပါလည်း
တွယ်တာမှုကင်း
ရင်တွင်းသိုဝှက်
မလွမ်းတတ်ယောင်ဆင်
သစ်ပုပ်ပင်လည်း သတိရပါ------------
တကယ်လို့များ-----------
ခွဲခွါပြီးတစ်နေ့
ပြန်ဆုံတွေ့ရင်
သတိရနေပါတယ် သူငယ်ချင်းရယ်----------လို့
ဝမ်းနည်းပီတိ
ရင်ထိလှိုက်ဖို
ထို့ထက်ပို၍----------------------။
(ခွင့်မပန်လိုက်ရတဲ့ ကျွန်တော်တစ်ပုဒ်ထဲကြိုက်သော
ကဗျာဆရာ Qatar ရောက် သူငယ်ချင်းကြီး
EC (or) ဇူလိုင်(or)အသေးလေး(or)ဇိုင်လူ----------
အား တောင်းပန်စကား
ဦးထိပ်ထားလျှက်---------------)

“အမြော်အမြင်ကြီးသော ဖေဖေ နှင့် မြို့ကိုအထင်ကြီးတဲ့သား”

“အဖေ”
”သား အထက်တန်းကို ဘယ်ကျောင်းမှာတက်ရမှာလဲ”လို့ မေးတော့
အဖေက ---
“မင်း အနောက်ကုန်းမှာဘဲတက်ရမယ်တဲ့” (ခွဲအထကသမင်ခြံ)ဆိုတဲ့ ရွာကျောင်း ကိုပြော တာပါ။
“အဖေ သားသူငယ်ချင်းတွေက ဘော်ဒါမှာတက်နေပြီ။”လို့ဆိုတော့
“သူတို့က ပိုက်ဆံ ချမ်းသာတယ်ကွ၊ အဖေတို့က မတတ်နိုင်ဘူးကွ၊ မင်းတက်ချင်တက် မတက်ချင်နေကွာ”လို့ပြောတော့
“ရက်စက်လိုက်တာ အဖေရယ်လို့” ရေရွတ်မိလိုက်တယ်။ ဒီလောက်ဝေးလံပြီး သွားရခက် တဲ့ ဒီကျောင်းကိုမှ တက်ခိုင်းရက်တဲ့ အဖေ၊ အစ်မကိုကျတော့ မြို့ကျောင်းမှာ ၀ိုင်းနဲ့ဘာနဲ့တက်ရတယ်။ ငါ့ကျမှ ရက်စက်လေခြင်းပေါ့။ သားအရင်းမှဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မိပါတယ်။ အဲဒီလိုနဲ့ စာမကြိုးစားဖြစ်ခဲ့ဘူး။ ကျောင်းတက်ပြီး စာမကြည့်ခဲ့ဘူး။ ဒီလောက်ဝေးတဲ့ကျောင်းကိုတက်ရတာ ကျမှာဘဲလို့ စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရဖြစ်မိတယ်။ ဒါနဲ့ဘဲ ပညာသင်နှစ်ပြီးဆုံးလို့ အတန်းတင်စာမေးပွဲမှာ ကောင်းကောင်း မဖြေနိုင်ခဲ့ရှာပါဘူး။ ခေါင်းထဲမှာ စာမှမရှိတာကိုး။ အဖေကတော့ တစ်နေ့ တစ်ခေါက် အမေပေးလိုက်တဲ့ ယတြာအဆောင်ပန်းလေးတွေယူပြီး နေ့တိုင်းလာ ရှာတယ်၊ စာမေးပွဲဖြေအပြီးထိစောင့်ပြီး မေးရှာပါတယ်။ “သားဖြေနိုင်လားပေါ့“ အင်္ဂလိပ်စာဖြေတဲ့နေ့မှာဘဲ ကျွန်တော့်ကျပြီလို့ ပြန်ပြောနိုင်ခဲ့ပါတယ်။ နောက်နေ့သွားမဖြေတော့ဘူးလို့ဘဲ ရဲရဲဝံ့ဝံ့ပြောခဲ့တယ်။ မင်းဖြေကို ဖြေရမယ်လို့ဘဲ အဖေလည်း ခပ်မာမာ တုန့်ပြန်ခဲ့တယ်။ ဒီလိုနဲ့ဖြေပြီးလို့ အောင်စာရင်း လည်းထွက်ရောက် ကျွန်တော့နာမည်ရဲ့နောက်မှာ ကွင်းစ ကွင်းပိတ်နဲ့ပါ လာတယ်။ “ခ”အဆင့်အောင်တဲ့။ ဂုဏ်ထူးတော့မထင်လိုက်ပါနဲ့။

ငါးလိုက်နှိုက်ကြတယ်------

ဆရာမကြီးရဲ့ ဆုံးမမှုကိုကြောက်လို့ ၂ ကြိမ်တိတိ ကျောင်းလစ်ခဲ့ပါတယ်။ ဒီနေ့အထိ စိတ်မလုံပါ။ တစ်သက်နဲ့တစ်ကိုယ် စွန့်စားခန်းကြီးဖြစ်လို့ပါ။ ယနေ့အထိ ဖေဖေမသိသေးပါ။ အဲဒီအချိန်ကသာသိလျှင် ပညာတတ်ကြီး ဖြစ်စေချင်လွန်းတဲ့ အဖေက ကျွန်တော့်ကို ဘာလုပ်မလဲတောင် မတွေးတတ်တော့ ပါဘူး။ ကျောင်းလစ်ပြီး မြောင်းတွေ ထဲမှာ ငါးလိုက်နှိုက်ကြတာ တော်တ်ာပျော်ဖို့ ကောင်းတယ်။ သူငယ်ချင်းတစ်တွေ ငါးတွေရ တော့ မီးဖုတ်ပြီးစားကြတယ်။ ရေတွေပူနေတော့ ငါးရံ့တွေက ကြွင်းတွေထဲဝင်နေတာ အဆင်ကို ပြေလို့ဗျာ။ အဲဒီငါးနှိုက်တာကတစ်ရက်ပေါ့။ နောက်တစ်ရက်ကတော့ အရှေ့ တောင်အာရှရဲ့ဘောလုံးပွဲ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်းလို့ အော်ခဲ့ရလို့ ကျောင်းလစ်ပြီး အသံဝင်ခဲ့တဲ့ရက်ပေါ့။ ထားပါတော့ဗျာ။ ဘ၀ဆိုတာ အနီးကပ်ရိုက်ချက်မှာတော့ အလွမ်း ကားတဲ့။ အဝေးရိုက်ချုက်မှာတော့ ဟာသကား တဲ့ဗျာ။ မှန်မယ်ထင်ပါတယ်။
ခုတော့ ကျွန်တော်တို့ကို နားလည်ပေးသောဆရာမတစ်ယောက် တက္ကသိုလ် တစ်ခုမှာ ကျူတာဆရာမတစ်ယောက်ဖြစ်နေပါပြီ။ ပါမောက္ခကြီးဖြစ်ပါစေ လို့လည်း ဆန္ဒပြု ပါတယ်။

ပုဆိုးကိုစလွယ်သိုင်းပြီး လယ်ကွင်းတွေကိုကျော်ဖြတ်-

ကျွန်တော့်ဘ၀က ပညာနဲ့ပတ်သက်လာယင် ဘယ်တော့မှ လွယ်လင့်တကူ သက်တောင့်သက်သာ မရခဲ့ရှာဘူး။ ဒါ့ကြောင့် ကျွန်တော်တတ်ထားသမျှ ပညာတွေကို အရမ်းတန်ဖိုးထားတယ်။ “ပညာသင်ကြားဖူးသူတိုင်း ပညာကို လေးစားမြတ်နိုး တန်ဖိုးထား တတ်ကြပါသည်”ဆိုတဲ့ ဆောင်ပုဒ်က ကျွန်တော့်အတွက်တော့ ပေါ့တော့တော့ပါ။ ဘာဖြစ် လို့လဲဆိုတော့ ဒီထက်တန်ဖိုးထားပြီး ပညာသင်ကြားခဲ့ရလို့ပါ။
ကျွန်တော် အထက်တန်းပညာကို ကျွန်တော်တို့ရွာနဲ့ အလှမ်းကွာဝေးတဲ့ ခွဲဘက် အထက်တန်းကျောင်း၊ သမင်ခြံ (ယခင်ခွဲဘက်)မှာ တက်ရောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ရွာကနေ ၂ နာရီကြာ (ရွာသားခြေလှမ်း) လမ်းလျှောက်ရပါတယ်။ လွယ်လွယ်တော့ မထင် စေလိုပါ။ ပုဆိုးကိုစလွယ်သိုင်းပြီး လယ်ကွင်း ကန်သင်းရိုးတွေကိုဖြတ်ပြီး သွားရတာပါ။ ဖိနပ်ကတော့ ပိုဆိုးကွင်းစလွယ်သိုင်းထားတဲ့အထဲ လိပ်လျှက်သားပေါ့။ ဘေးလွယ်အိတ်ကို ကျောပိုးအိတ်ပုံစံလုပ်ပြီးလွယ်ခဲ့ရတယ်။ ဖိနပ်ကိုတော့ ကျောင်းနားက လယ်ကိုရေပေးတဲ့ ရေမြောင်းရောက်မှ ခြေထောက်ရေဆေးပြီး စီးရပါတယ်။ အိမ်ကစားလာသမျှ ထမင်းကြမ်း လမ်းခုလတ်မှာဘဲ အစာချက်သွားလို့ ထင်းမင်းဘူးဖြေပြီး တစ်ဝက်စားရသေးတယ်။ ကျန်တဲ့တစ်ဝက်ကတော့ နေ့လည်စာအတွက်ပေါ့။
ကျောင်းနောက်ကျဖူးတာလဲ မနည်းပါဘူး။ ကျောင်းအုပ်ဆရာမကြီးကတော့ အပျိုကြီး လည်းဖြစ် စည်းကမ်းလည်းကြီးတော့ နားလည်မပေးနိုင်ရှာဘူး။ မနက် Assembly စီတဲ့ရှေ့မှာဘဲ ပိုဆိုးကိုခြေသလုံးပေါ်အောင်လှန်ပြီး ရိုက်ပါလေရောဗျာ။ မနာပါဘူး။ ဒါပေမယ့် ရှက်လိုက်တာတော့ မပြောပါနဲ့တော့ဗျာ။ နားလည်ပေးကြပါ။ ကျွန်တော်တို့ ထက်ဝေးတဲ့ ကျောင်းသားမရှိပါဘူးဗျာ။ အတန်းပိုင်ဆရာမကတော့ သားရယ် သားရယ်လို့ တစာစာ ခေါ်ပါတယ်။ သူလည်းမကယ်လိုက်နိုင်ဘူးလေ။ နောက်ကျပေါင်းများလို့ တံခါးကို ခိုးဖွင့်ပေးရတာလည်း အခါပေါင်းမနည်းတော့ဘူးကိုး။

သတိရမိပါတယ် ဆရာ/မနှင့် သူငယ်ချင်းအားလုံးသို့-------------

ကျွန်တော့်ရဲ့ (၁၉၉၂-၁၉၉၆) အလယ်တန်းကျောင်းတုန်းက ဆရာ/ဆရာမများနှင့် တကွ သူငယ်ချင်းအားလုံးကို သတိရနေတာ ဒီနေ့ဒီအချိန်ထိအောင်ပါဘဲ။ ဆရာ/ဆရာမ တွေက ဘာအပိုဝင်ငွေမှမရှိဘဲ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာတဲ့ တောင်သူလုပ်ယင်း ကျွန်တော် တို့ကို ပညာကုန်သင်ပေးခဲ့တယ်။ နာသုံးနာဆိုတဲ့ဆရာကို ညွှန်းပါဆိုယင် အဲဒီ ဧရာဝတီမြစ်ကမ်းနားက ဆရာ/ဆရာမတွေကလွဲပြီး ဘယ်သူ့ကိုမှ ကျွန်တော် ညွှန်းစာ မဖွဲ့ချင်ဘူး။ အဲဒီ ကျွန်တော့်ရဲ့ ဆရာ/ဆရာမတွေကို မှီမှာမဟုတ်ဘူးလေ။
ကျွန်တော့်သူငယ်ချင်းတွေထဲက အခင်မင်ဆုံးဖြစ်တဲ့ အောင်အောင်၊ ငစိုင်းနဲ့ ငါမှန်တယ် ထင်လို့လုပ်လိုက်တဲ့ကိစ္စတစ်ခုအတွက် ဘယ်တော့မှ နောင်တမရပါဘူးဆိုတဲ့ ကောင်မလေး တစ်ယောက်ကို ပိုသတိရမိပါတယ်။ ခုတော့လည်း တစ်ယောက်တစ်နေရာ စီမှာ ကိုယ်စီကိုယ်စီ ဘ၀အတွက် ရုန်းကန်နေကြရရှာတယ်။ ပြန်တွေ့ဖြစ်ဖို့ မလွယ်တော့ တဲ့သူငယ်ချင်းတွေပေါ့။ သြော် သတိရပါတယ် သူငယ်ချင်းတို့ရယ်လို့ ပြောနိုင်တာက လွဲပြီး ကျွန်တော် ဘာများတတ်နိုင်ဦးမှာလဲဗျာ။

ဘယ်သူကူညီနိုင်မလဲခင်ဗျာ

ပညာသင်ယူခဲ့ရာ-
မူလတန်းပညာကို ကျွန်တော့်ရွာရှိ အမကရေချမ်းစင်မှာဘဲ သင်ယူခဲ့ပါတယ်။ အခြေခံပညာအလယ်တန်း ပညာကိုတော့ ကျွန်တော်တို့ ရွာနဲ့သိပ်မဝေး လှတဲ့ရွာလေး တစ်ရွာဖြစ်တဲ့ အခြေခံပညာ အလယ်တန်းကျောင်း၊ ငါးခြောက်ကျွန်းမှာ ပညာရည်နို့ သောက်စို့ခဲ့ရပါတယ်၊ မကွေးတိုင်း၊ ပွင်ဖြူမြို့နယ်၊ ငါးခြောက်ကျွန်းရွာမှာ တည်ရှိပါတယ်။ ကျွန်တော် တို့ရွာကနေ တစ်နာရီနီးပါးလောက် လမ်းလျှောက်ပြီး ကျောင်းတက်ခဲ့ရပါ တယ်။ အဲဒီ ငါးခြောက်ကျွန်း အခြေခံပညာအလယ်တန်းကျောင်းက ဧရာဝတီမြစ် ကမ်းပါးမှာရှိပြီး ကျောင်းပေါ်မှနေ ဧရာဝတီမြစ်ကြီးကို မြင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော် ၅ တန်းတက်တော့ ပထ၀ီသင်တဲ့ဆရာမက ဧရာဝတီမြစ်ကို သိလားလို့ မေးတော့ မသိဘူးဖြေခဲ့တာကို ယခုတိုင် အမှတ်ရနေဆဲပါ။ ဆရာမက မင်းမြင်နေရတာ ဧရာဝတီမြစ်ကြီးပေါ့လို့ ပြောခဲ့ပေမယ့် ကျွန်တော် အဲဒီနေ့က မယုံခဲ့ပါဘူး။ ပုံပြင်လို့ဘဲ ထင်ခဲ့တာပါ။ အခုတော့ ကျွန်တော်လက်ခံလိုက်ရပါပြီ။ ကျွန်တော် အလယ်တန်း ပညာကိုသင်ယူခဲ့တဲ့ အဲဒီကျောင်းလေးက ခုတော့ အဲဒီနေရာမှာ မရှိတော့တာ ၀မ်းနည်း စရာတစ်ခုပါဘဲဗျာ။
ကျွန်တော် ဒီနှစ် အလုပ်ကခွင့်ယူပြီး ကျွန်တော့်မိဘများရှိရာရွာလေးကို အသွား ဧရာဝတီမြစ်ကို စက်မော်တော်နဲ့အဖြတ်မှာတော့ လွမ်းစရာတွေရင်နဲ့အပြည့် တနင့်တပိုး ခံစားလိုက်ရတယ်။ ကျွန်တော်တက်ရောက်ခဲ့တဲ့ ကျောင်းတော်ကြီးကို ဧရာဝတီမြစ်ပြင်မှ မမြင်လိုက်ရလို့ပါ။ ဧရာဝတီမြစ်ကြီးရဲ့ ၀ါးမျိုမှုကို ခံလိုက်ရလေပြီလေ။ သြော် ရက်စက် လိုက်တာကံကြမ္မာရယ်လို့ဘဲ တိတ်တိတ်လေးရေရွတ်မိခဲ့တယ်။ ဘယ်သူကူညီနိုင်မလဲ ခင်ဗျာလို့ မေးလိုက်ပါရစေဗျာ။ “ဘယ်သူ့မှမသိသေးတဲ့ ကမ်းပါးပြိုမှုကြောင့် လူပေါင်းများစွာ ဒုက္ခရောက်ပြီး ရေနစ်ရာ ၀ါးကူနှစ်ခံရတဲ့ ကျွန်တော်တို့ နယ်လေး”။ ခုတော့ ဆင်းရဲနွမ်းပါးတဲ့ နယ်ခံ ကျောင်းသူ/သား မိဘတွေရဲ့ ချွေးနဲစာလေးကိုစုပြီး လယ်ယာမြေ တွေကိုဝယ်လို့ သားသမီးများပညာရေး မနှောင့်နှေးရအောင်ဆိုပြီး ချက်ချင်းဆိုသလို ဆောင်ရွက် လိုက်ကြတာ ဂုဏ်ယူစရာပါဘဲဗျာ။ ကျွန်တော် တကယ့်ကို ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ရ ပါတယ်။

ဧရာဝတီမြစ်ကမ်းနံဘေးက အလွမ်းရွာကလေး

ကျွန်တော်ကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ “ရေချမ်းစင်” ဆိုတဲ့ ရွာလေးမှာမွေးဖွား ခဲ့ပါတယ်။ အဲဒီ “ရေချမ်းစင်ရွာ”လေးကတော့ မြန်မာပြည် မြောက်ဖျား ခါကာဘိုရာဇီက အစပြုစီးဆင်းလာပြီး မြန်မာပြည် တောင်ဖျားမှာလက်ပြနှုတ်ဆက်သွားတဲ့ ဧရာဝတီ မြစ်မင်းဧရာကြီးရဲ့ အနောက်ဘက်ကမ်းပါးပေါ်က ရွာလေးပါ။ လူသိနည်းပြီး ဘာမှထင်ထင် ရှားရှားမရှိသေးတဲ့ တောရွာလေးမှာ ကျွန်တော် လူလားမြောက်ခဲ့ရပါ တယ်။ ကျွန်တော့် ရွာလေးက ဧရာဝတီမြစ်ကြီးနဲ့ မုန်းချောင်းကလေးကြား မှာတည်ရှိ ပါတယ်။ ၀ါတွင်းကာလ ဘုရား ငါးများ လာရောက်ဖူးမြော် ၀ါဆိုတဲ့ ကျောင်းတော်ရာဘုရား ကြီးရဲ့ ခြေရင်းမှာ လဲလျောင်း နေတဲ့ ရွာလေးတစ်ရွာ ပါဘဲ။ “ရေချမ်းစင်ရွာ” ဆိုတဲ့အမည် နဲ့ လိုက်အောင် အရမ်းကိုသာယာအေးချမ်းပါတယ်။ ရွာကိုလာရောက် လည်ပတ်သူတိုင်းလည်း ကြည်နူး ချမ်းမြေ့ကြပါတယ်။