Tuesday, August 26, 2008

“အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့“

မိဘနဲ့သားသမီး ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ဖို့အတွက် သားသမီးတွေအနေနှင့် နောက်ထပ် ပေးဆပ်ရမယ့် အရည်အသွေးတစ်ခုကတော့ မိဘတွေရဲ့ မျိုးရိုးစဉ်ဆက်ကို စောင့်ထိန်းရမယ်ဆိုတဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရယင် ဒီအရည်အသွေးဟာ မိဘတွေရဲ့ တတိယ မျှော်လင့်ချက် ဖြစ်ပါတယ်။

မိဘတွေက ဘယ်လိုမျှော်လင့်ကြသလဲဆိုတော့ ငါတို့ မွေးမြူထားတဲ့ သားသမီးတွေဟာ ငါတို့မိဘဘိုးဘွားတွေရဲ့ မျိုးရိုးစဉ်ဆက်ကို မတိမ်ကော မပပျောက်အောင် ဆက်လက် ဆောင်ရွက် နေကြလိမ့်မယ်လို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ သားသမီးတွေအနေနဲ့ လေးလေး နက်နက် ထားရမှာဖြစ်သလို မိဘတွေအနေနဲ့လည်း အလွန်အင်မတန်မှ လေးစား မြတ်နိုးမိတဲ့ အချက် ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားရေးရော ဘာသာရေးပါ အရေးကြီးတဲ့အချက်ဖြစ်သလို အရေးကြီးတဲ့ ခေတ်ကြီးလည်း ရောက်နေလို့ပါပဲ။

မြန်မာစကားပုံတစ်ခု ရှိပါတယ်။

“မြေမျိုလို့ လူမျိုးမပြုတ်ဘူး၊ လူမျိုယင် လူမျိုးပြုတ်မယ်” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီအသိပေး စကားဟာ တော်တော်လေး တန်ဖိုးကြီးမားပါတယ်။ လေးလေးနက်နက် စဉ်းစားလေ တန်ဖိုးကြီးမား လေပါပဲ။

အရင်တုန်းကဆိုရင် အဲဒီအသိပေးစကားလေးကို ရန်ကုန်မြို့ရဲ့ အချက်အချာ ကျတဲ့ လမ်းဆုံ လမ်းခွ နေရာတွေမှာ ဆိုင်းဘုတ် ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ ဘာလို့ အလုပ်ရှုပ်ခံပြီး အချိန်ကုန်ခံ ပြီး ချိတ်ဆွဲထားသလဲဆိုယင် ဒီဆိုင်းဘုတ်ကလေးကို မြင်တိုင်း အမျိုးကိုချစ်တဲ့စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေအောင် လို့ပါပဲ။ သတိမထား အမှားတွေ့တတ်တဲ့ လူတွေအတွက် ဒီဆိုင်းဘုတ်ကလေးကို မြင်လိုက်တာနဲ့ အမှားကို အမှားမှန်းသိသွားအောင်လို့ပါပဲ။

သေသေချာချာစဉ်းစားကြည့်နော်။ တန်ဖိုးရှိတဲ့စကားလုံးကို တန်ဖိုးရှိမှန်းမသိလို့ တန်ဖိုးမဲ့တဲ့ သူတွေဖြစ်နေကြတာ မြန်မာပြည်မှာ အများကြီးပါပဲ။ ဘာလို့ တန်ဖိုးမဲ့တဲ့သူတွေ ဖြစ်သွားကြတာလဲ ဆိုယင် အမျိုးသားရေးစိတ်ဓာတ် ဘာသာရေးစိတ်ဓာတ်ကို ခိုင်ခိုင်မာမာ မထားကြလို့ပါဘဲ။ အမျိုးသားရေး စိတ်ဓာတ်နှင့် အမျိုးသားရေးလက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင် တန်ဖိုးမဲ့တဲ့သူတွေ ဖြစ်မလာပါဘူး။

အမျိုးသားရေးစောင့်ရှောက်ဖို့ အန္တရာယ်ဆိုတာ သိသိသာသာ တိုက်ခိုက်လာတဲ့ အန္တရာယ်နဲ့ မသိမသာ တိုက်ခိုက်လာတဲ့ အန္တရာယ်ဆိုတာ နှစ်မျိုးရှိပါတယ်။

အဲဒီအန္တရာယ် နှစ်မျိုးထဲက သိသိသာသာ တိုက်ခိုက်လာတဲ့ အန္တရာယ်က ကြောက်ဖို့မကောင်း ပါဘူး။ ဘာလို့လဲဆိုတော့ တိုက်ခိုက်လာတာကို သိတဲ့အတွက် ကိုယ်က ရှိတဲ့အင်အားနဲ့ ပြန်လှန် ကာကွယ်လို့ ရပါတယ်။ မသိမသာ တိုက်ခိုက်လာတဲ့ အန္တရာယ်ကတော့ တကယ်ကြောက်ဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တိုက်ခိုက်နေတာကို တိုက်ခိုက်နေမှန်း မသိတဲ့အတွက် ကျောချမှ ဓားပြမှန်းသိရတော့မှ ယူကျုံးမရ တသသဖြစ်ရ ပါတော့တယ်။

မြွေဆိုတဲ့သတ္တ၀ါက ဖားသူငယ်ကို ဘယ်တော့မှ တစ်ခါတည်း မျိုမချဘူး။ အမျိုခံရတဲ့ ဖားသူ ငယ်ဟာ ဒါလောက်မျိုနေရရုံနဲ့တော့ ငါ့ခန္ဓာကိုယ်တစ်ခုလုံး မြွေပါးစပ်ထဲ ရောက်မသွားနိုင်ပါဘူး။ အသက်လည်း ပျောက်မသွားနိုင်ပါဘူးဆိုပြီး မှိန်းခံနေလို့ မဖြစ်ပါဘူး။ ကိုယ်က ပြန်လည်တိုက်ခိုက် နိုင်စွမ်း မရှိပေမဲ့ ရှိတဲ့အင်အားနဲ့တော့ လွတ်အောင်ရုန်းထွက်နိုင်ဖို့ အရေးကြီးပါတယ်။ အသက်လည်းပျောက် မြွေပါးစပ်ထဲ ခန္ဓာလည်းရောက်တော့မှ ငါ့အသက်နဲ့ခန္ဓာ ပြန်ပေးပါဆိုပြီး အသနားခံလို့ မရတော့ပါဘူး။ မြန်မာတစ်မျိုးသားလုံးဟာ မြွေပါးစပ်ထဲရောက်နေတဲ့ ဖားသူငယ်လို ဖြစ်နေပါတယ်။ ဒါကြောင့်မို့ အမျိုးကိုချစ်တဲ့သူတိုင်း မြွေပါးစပ်ထဲက ဖားငယ်လိုမဖြစ်အောင် ရုန်းထွက် နိုင်ဖို့ အရေးကြီးလှပါတယ်။

လူတိုင်း လူတိုင်း ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုတာ ရှိပါတယ်။ အဲဒီလိုရှိတဲ့အတွက် ကိုယ့်လူမျိုး ကို ချစ်ရပါမယ်။ ကိုယ့်ဘာသာကို တန်ဖိုးထားရပါမယ်။ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓာတ် ကလေးတွေ ခိုင်ခိုင်မာမာရှိနေရပါမယ်။ ဒါဆိုရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ ကိုယ့်သာသနာဟာ ဘယ်တော့မှ တိမ်ကောသွားမှာ မဟုတ်ပါဘူး။

အခုပြောတဲ့စကားတွေဟာ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ ထင်စရာပါပဲ။ အဲဒီလို မဟုတ်ပါဘူး။ မိဘတွေရဲ့ တတိယမျှော်လင့်ချက်ကို ပုံဖော်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့လည်း မဆိုင်ပါဘူး။ ဘာသာရေးနဲ့လည်း မပတ်သက်ပါဘူး။ လူမျိုးရေးနဲ့လည်း မစပ်ယှက်ပါဘူး။ မိဘတိုင်း မိဘတိုင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ မျှော်လင့်ချက်ကို ပြောနေတာ ဖြစ်ပါတယ်။

မိဘတွေက “ငါတို့မွေးထားတဲ့ သားသမီးတွေက ငါတို့ ဘိုးဘွားမိဘတွေရဲ့ မျိုးရိုးကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် နေရစ်ကြ လိမ့်မယ်”လို့ မျှော်လင့်ခဲ့ကြ ပါတယ်။

မြန်မာလူမျိုးတစ်ယောက်ဟာ မြန်မာနဲ့အိမ်ထောင်ကျတာဟာ အကောင်းဆုံးပါပဲ။ တခြားလူမျိုး တစ်ယောက်နဲ့ အိမ်ထောင်ကျသွားရင် မိဘတွေရဲ့ မျှော်လင့်ချက် ပျက်သွားတော့တာပါပဲ။

မြန်မာ့သွေး မြန်မာ့သားဆိုတာ သန့်ပါတယ်။ တခြားသွေးသားတွေနဲ့ ရောစပ်လို့ မရပါဘူး။ ရောစပ်လိုက်တာနဲ့ တစ်ပြိုင်နက် မွေးလာတဲ့ကလေးဟာ မြန်မာရုပ်ဆိုတာ ဖြစ်မလာတော့ပါဘူး။ လာရောတဲ့သွေးသားရဲ့ ဥပဓိရုပ်အတိုင်း သွားထင်တော့တာပါပဲ။ မြန်မာစစ်မှ မြန်မာရုပ်ပေါ်တာပါ။ ဒါကြောင့်မို့ မိဘတွေ စောင့်ရှောက်ခဲ့တဲ့ အမျိုးအနွယ်ကို သားသမီးတွေက ဆက်လက် စောင့်ရှောက်ကြ ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မြန်မာ့မြေပုံဟာ ကမ္ဘာ့မြေပုံမှ မပျောက်မှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ငွေတစ်ခုတည်း၊ အာသာတစ်ခုတည်းကြည့်ပြီး ပေါက်ကရတွေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် မိဘတွေ စောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဂုဏ်ကို ဖျက်ဆီးပစ်တာနဲ့ အတူတူပါဘဲ။

ပုဂံခေတ်က ကျန်စစ်သားဆိုတာ ရာဇ၀င်မှာ ထင်ရှားတဲ့ မင်းတစ်ပါးပဲ ဖြစ်ပါတယ်။ သူ့မှာ ရွှေအိမ်စည်ဆိုတဲ့ သမီးတော်လေးတစ်ပါးရှိပါတယ်။ ဘုရင်ကြီးမှာ သမီးတော်လေးကို အလွန်ချစ်လွန်းလို့ ဘုံခုနစ်ဆင့် အမြင့်ရှိတဲ့ နန်းပြသာဒ်နဲ့ ထားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ရွှေအိမ်စည် မင်းသမီးလေးဟာ ကုလားပြည်ကလာတဲ့ ပဋိက္ကရားဆိုတဲ့ လူတစ်ယောက်နဲ့ မေတ္တာမျှ သွားကြပါတယ်။ ဒီအကြောင်းကို ကျန်စစ်သားမင်းကြီး သိတော့ သဘောမတူပါဘူး။

ဘာလို့ သဘောမတူတာလဲဆိုရင် လူမျိုးခြား၊ ဘာသာခြားဖြစ်နေလို့ပါပဲ။ ဒါကြောင့်မို့ အမျိုးဘာသာတူတဲ့ စောလူးမင်းရဲသား စောယွမ်းနဲ့ သမီးတော်ကို ထိမ်းမြားလက်ဆက် ပေးစားလိုက် ပါတယ်။ အဲဒီပဋိက္ကရားဆိုတဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ ပြဒါးရှင်ရဲ့ အစွမ်းသတ္တိနဲ့ မြေလျှိုး မိုးပျံနိုင်တဲ့သူပဲဖြစ်ပါတယ်။ သူ့ဘာသာသူ မြေလျှိုး မိုးပျံရုံမကလို့ ကမ္ဘာကြီးကိုပဲ ပြောင်းပြန် လှန်နိုင်အောင် လုပ်နိုင်ပါစေ ဘာမှ အထင်ကြီးစရာမလိုပါဘူး။

ကျန်စစ်မင်းကြီးဟာ ပဋိက္ကရားမင်းသားကို အထင်ကြီးလို့ သမီးတော်နဲ့ ပေးစားခဲ့ရင်တောင်မှ မြန်မာ့သမိုင်းရဲ့ စာမျက်နှာပေါ်မှာ ကျန်စစ်မင်းဆိုတာ အမဲစက်တစ်ခုနဲ့ စွန်းထင်းနေခဲ့မှာ သေချာပါတယ်။ ဒါပေမဲ့ ကျန်စစ်မင်းကြီးဟာ အမျိုးကိုချစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဇာတိဂုဏ်ကို စောင့်ထိန်းကြောင်း မှတ်တိုင်ထူပြခဲ့ပါတယ်။

ဒါကြောင့်မို့ လူတိုင်းလူတိုင်း ကိုယ့်အမျိုးကို ချစ်ဖို့ လိုပါတယ်။ အမျိုးချစ်မှ အမျိုးစစ်မှာ ဖြစ်ပါတယ်။ အမျိုးမချစ်ဘဲ လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးမစစ်တော့ပါဘူး။ အမျိုးမစစ်တော့ မိဘတွေ ကိုးကွယ် ခဲ့တဲ့ဘာသာကိုလည်း မချစ်မြတ်နိုးတော့ပါဘူး။ ဘာသာကို မချစ်မြတ်နိုးတော့ဘူးဆိုရင် မိဘဘိုးဘွားတွေ စောင့်ရှောက်ခဲ့တဲ့ အမွေအနှစ်တွေ လည်း ပျက်စီးဖို့ပဲ ရှိပါတော့တယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ သာကီနွယ်ဖွားလို့ တိုက်ရိုက် မဆိုသာပေမယ့် ဆက်နွယ် ပတ်သက်မှုတော့ ရှိပါတယ်။ သမိုင်းကြောင်းအရဘဲကြည့်ကြည့်၊ ကိုးကွယ်တဲ့ဘာသာအရပဲ ကြည့်ကြည့် သာကီနွယ်ဖွားတွေနဲ့ အကြောင်း မကင်းပါဘူး။ သာကီနွယ်ဖွားဆိုတာ ဂေါတမဗုဒ္ဓရဲ့ အမျိုးနွယ်ကို ပြောတာဖြစ်ပါတယ် အမျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့နေရာမှာတော့ ရှာမှ ရှားပါပဲ။ တစ်ဆွေလုံးတစ်မျိုးလုံး တခြားသွေးသားတွေနဲ့ ရောစပ်မှု မပြုပါဘူး။ တခြားသွေးသားတွေနဲ့ ရောစပ်လိုက်ယင် အမျိုးပျောက်ကြောင့်မို့ ဖြစ်ပါတယ်။

သာကီဝင်မင်းတို့သည် အမျိုးပျောက်မှာကြောက်ခြင်းကြောင့် မိမိနှမတို့နှင့် အတူတကွ အိမ်ထောင်ပြုကြကုန် လို့ ဆိုထားပါတယ်။

အမျိုးကို စောင့်ထိန်းတဲ့နေရာမှာ ဘယ်လောက်ထိ ခံယူချက်ပြင်းသလဲဆိုရင် တခြားသွေးသားတွေနဲ့ ရောစပ်မှာကြောင့်မို့ မောင်နှမအချင်းချင်းတောင် ပြန်ယူတဲ့အထိပါပဲ။ အမျိုးအနွယ်ကို စောင့်ရှောက်တဲ့နေရာမှာတော့ စံနမူနာပါပဲ။ ဒါကြောင့်မို့ အမျိုးအနွယ်ကို စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။ အမျိုးအနွယ်ကို မထိန်းသိမ်း မစောင့်ရှောက်တဲ့ သားသမီးဟာ ဒုက္ခတွေ့တတ်ပါတယ်။

ဘယ်လိုနေရာတွေမှာ ဒုက္ခတွေ့သလဲလို့ မေးစရာ ဖြစ်လာပါတယ်။

ဥပမာပြောရယင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတစ်ယောက်ဟာ လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ပြုကြတယ်ဆိုကြပါစို့။ ကိုယ်က ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတစ်ယောက်မို့ ဘုရားကို ကိုးကွယ်ချင်တယ်၊ တရားကိုနာ ချင်တယ်၊ သံဃာကို ဆည်းကပ်ခြင်တယ်၊ ဒါပေမယ့် ကိုယ်ယူထားတဲ့ ယောကျာ်းက လူမျိုးခြား ဘာသာခြားဖြစ်နေတယ်။ အဲဒီတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့် မရဘူး။

အိမ်ရှေ့မှာ ဆွမ်းတော်လာရပ်တာတောင်မှ ကန်တော့ဆွမ်းလို့ မပြောရဲတဲ့ဘ၀၊ သားလေးမွေးလာလို့ ရှင်ပြုပေးချင်တာတောင်မှ ဖွင့်မပြောရဲတဲ့ဘ၀၊ သမီးလေး နားသမင်္ဂလာလုပ်ချင် တာတောင်မှ ဖွင့်ဟမရဲတဲ့ဘ၀၊ ဒီကြားထဲ ယောကျာ်း ကြောက်လို့ ကိုယ်ကိုးကွယ်တဲ့ဘာသာကို စွန့်လွှတ်လိုက်ရပြီး ယောက်ျားကိုးကွယ် တဲ့ဘာသာကိုပါ ခံယူလိုက်ရတဲ့ မြန်မာအမျိုးသမီးတွေ အများကြီးပါပဲ။ ဒီအချိန်မှာ သူတို့ လက်ခုပ်ထဲက ရေမို့ မကြိုက်လည်း ကိုးကွယ်ရ၊ မမှန်လည်း ဆည်းကပ်ရ လုပ်ရပါတယ်။

ဒီထက် ပိုဆိုးတာက မွေးလာတဲ့ ကလေးတွေကိုလည်း သူတို့ရဲ့ လူမျိုးထဲရောက်အောင် ဇာတ်သွင်းခံရပါတယ်။ အဲဒီလို ဇာတ်သွင်းခံရတဲ့ ကလေးတွေရဲ့ စိတ်ဓာတ်ဟာ သူတို့ဘာသာကို ကိုးကွယ်ယုံကြည်မိတာနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေလည်း ပျက်သွားတော့တာပါပဲ။ ဒါကြောင့်မို့ ကိုယ်မွေးထားတဲ့သားက လူမျိုးခြားစိတ်ဓာတ်၊ ဘာသာခြားစိတ်ဓာတ်ဝင်သွားရင် လူမျိုးလည်းဆုံး ဘာသာလည်း ရှုံးတော့တာပါပဲ။

ကိုယ်မွေးထားတဲ့သားက လူမျိုးကိုလည်း ဖျက်တယ်။ ဘာသာကိုလည်း ပျက်အောင်ဖက်မယ် ဆိုတာ အမျိုးမစောင့်စည်းတဲ့ သားသမီးတွေရဲ့ ရလဒ်ပါပဲ။ မိအေးနှစ်ခါ မကပါဘူး။ မိအေးဘ၀တစ်ခုလုံး မိအေးမျိုးဆက်တစ်ခုလုံး နစ်နာရ ပါတော့တယ်။

လူမျိုးရေးကို အခြေခံပြီး ဘာသာတရားကို ၀ါးမျိုတာဟာ အခုမှ မဟုတ်ပါဘူး။ မြတ်စွာဘုရား လက်ထက်ကလည်း ရှိခဲ့ဖူးပါတယ်။

အချောအလှမှာ ပြောမပြတတ်အောင် လှပတဲ့ ရာဇဂြိုဟ်မြို့သူ သူဌေးသမီးကလေး မယ်ဥတ္တရာဟာ လူမျိုးခြား ဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျသွားပါတယ်။ သူရဲ့ အိမ်ထောင်ရေးဟာ တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်လို့ ယူတာတော့ မဟုတ်ပါဘူး။ သူဌေးသမီး ဆိုတော့ အခြား သူဌေးသားမိဘတွေက လာစပ်ကြပါတယ်။

မယ်ဥတ္တရာက ဘုရားကို ကြည်ညိုတဲ့သူ၊ သံဃာကို ဆည်းကပ်တဲ့သူ၊ နောက်ပြီး သောတာပန်တည်နေတဲ့ မိန်းကလေး။ ဒီမိန်းကလေးကို လာတောင်းသူက လူမျိုးခြား ဘာသာခြား။ အဲဒီတော့ မယ်ဥတ္တရာရဲ့အဖေ ဦးပုဏ္ဏားကလည်း သဘောမတူပါဘူး။

“ခင်ဗျားသား ကျုပ်သမီးနဲ့ ဖြစ်မှာ မဟုတ်ပါဘူးဗျာ။ ကျုပ်သမီးက ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ နေ့တိုင်းနေ့တိုင်း ဆွမ်းလောင်းနေတယ်။ ဘုရားတရားကိုလည်း အမြဲတမ်းလို နာနေတယ်။ ခင်ဗျားတို့ကိုးကွယ်တဲ့ ဘာသာက တခြား၊ ကျုပ်တို့ ကိုးကွယ်တဲ့ဘာသာက တစ်မျိုးဆိုတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်“

“သူဌေးကြီးရာ ဒီကိစ္စအတွက်တော့ ဘာမှ မပူပါနဲ့၊ သူစိတ်တိုင်းကျဖြစ်အောင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါ့မယ်။ သူ ဆွမ်းလောင်းချင်တဲ့အချိန် လောင်း၊ တရားနာချင်တဲ့အချိန် နာ၊ သူစိတ်ချမ်းသာသလို ဖြစ်စေရပါ့မယ်”

ဒါနဲ့ သူဌေးကြီး ဦးပုဏ္ဏားကလည်း သူတို့ပြောတဲ့စကားကို ယုံပြီး သမီးလေးကို လာတောင်းတဲ့ လူမျိုးခြား ဘာသာခြားနဲ့ ပေးစားလိုက်တယ်။ လူမျိုးခြား၊ ဘာသာခြားတွေဟာ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ သဘောက သိပ်ရိုးလှတာ မဟုတ်ပါဘူး။ မရခင်တုန်းကတော့ အောက်ကျို့ပြီး အသနားခံ တောင်းပါတယ်။ တကယ်တမ်း သူတို့လက်ထဲရောက်သွားပြီဆိုတော့ ထားရာနေ စေရာသွား ရတော့တာပါပဲ။

မယ်ဥတ္တရာလေးက သူတို့အိမ်ရောက်သွားကလည်းက ဘုရားကိုလည်း ကိုးကွယ်ခွင့်မရတော့ ပါဘူး။ တရားကိုလည်း ကြားနာခွင့် မရတော့ပါဘူး၊ သံဃာကိုလည်း ဆည်းကပ်ခွင့် မရတော့ပါဘူး။ သူတို့ယူတဲ့အယူသာ အမှန်ဆိုပြီး အတင်းအဓမ္မ ကိုးကွယ်ခိုင်းတော့တာပါပဲ။ တခြား စိတ်ဓာတ်ပျော့ ပျောင်းတဲ့ မိန်းကလေးသာဆိုရင်လည်း ပါသွားမှာ သေချာပါတယ်။

မယ်ဥတ္တရာဆိုတာက သောတာပန်တည်ထားတာဆိုတော့ ဘုရားမှတစ်ပါး တခြားကိုးကွယ် ယုံကြည်စရာဆိုလို့ မရှိတော့တဲ့အတွက် သူတို့ခိုင်းတဲ့အတိုင်း မရပါဘူး။ အခုခေတ် မြန်မာအမျိုးသမီးတွေ သေသေချာချာ လေးလေးနက်နက် အတုယူစရာပါပဲ။ တချို့အမျိုးသမီးတွေ လူမျိုးခြား ဘာသာခြားတွေ နဲ့ ညားပြီး လူမျိုးခြား ဘာသာခြားစိတ်ဓာတ် ပေါက်နေတာတွေ အများကြီးပါပဲ။ မွေးလာတဲ့ ကလေးတွေက စပြီး လူမျိုးခြား ဘာသာခြားစိတ်ဓာတ် ပေါက်သွားတော့တာပါပဲ။

အမျိုးပျောက်တယ်ဆိုတာ မြန်မာမိန်းကလေးတွေ လူမျိုးခြား ဘာသာခြားနဲ့ ညားကြတာဟာ မူလအစ ပထမပါပဲ။ မွေးလာတဲ့ ကလေးတွေဟာ ရုပ်ကတော့ မြန်မာကလေးတွေဖြစ်ပေမယ့် စိတ်ဓာတ်ကတော့ မြန်မာစိတ်ဓာတ်မရှိပါဘူး။ မြန်မာအမျိုးသမီးကနေ ၀မ်းနဲ့လွယ်ပြီး မွေးထုတ်လိုက်တဲ့ ကလေးဟာ လူမျိုးခြားစိတ်ဓာတ် ဘာသာခြားစိတ်ဓာတ် ပေါက်သွားရင် တော်တော့ကို နစ်နာပါတယ်။

အိမ်တစ်အိမ်မှာ တိုင်တစ်လုံး ခြပုံးတက်ရုံနဲ့ ပျက်စီးမသွားနိုင်ပါဘူးဆိုပြီး ပေါ့လျော့နေလို့ မရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ တစ်တိုင်ပြီးတစ်တိုင် ကူးစက်သွားရင် တစ်အိမ်လုံး ပျက်စီးသွား နိုင်ပါတယ်။ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ တစ်ဖက်နိုင်ငံက လက်နက်တွေနဲ့ ခြိမ်းခြောက်နေတာကို ကာကွယ်ရုံနဲ့ မပြီးသေးပါဘူး။ နိုင်ငံတွင်းမှာ သပွတ်အူလို လှိုက်စားပြီး စိမ့်ဝင်နေတဲ့ အမျိုးသားရေးကိုလည်း သတ္တိရှိရှိနဲ့ ကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။

ဒါကြောင့်မို့ သားသမီးတိုင်း မိဘဘိုးဘွားတွေရဲ့ မျိုးဆက်ကို တခြားသွေးသားတွေနဲ့မရောဘဲ အရှည်သဖြင့် တည်တံ့အောင် စောင့်ရှောက်ကြဖို့ လိုပါတယ်။ မိဘတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးဖို့ လိုပါတယ်။ ဒီအရေးကြီးတဲ့အချက်ဟာ များသောအားဖြင့် ဘာသာရေးအခြေခံ နည်းပါပြီး အမျိုးသားရေးစိတ်ဓာတ် ခိုင်ခိုင်မာမာမရှိတဲ့ မိန်းကလေးတွေ အဖြစ်များတာ တွေ့ရပါတယ်။ ပြောရင် ယုံလွယ်တတ်သလို ယုံရင်လည်း ပုံလိုက်တော့တာပါပဲ။

ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုထဲကို မကြည့်ပါနဲ့။ ဆန္ဒရဲ့ နောက်ကွယ်မှာ စွန့်လွှတ်ရမယ့် အမျိုးသားရေးစိတ်ဓာတ်၊ ဖျက်ဆီးခံလိုက်ရမဲ့ ဘာသာရေးစိတ်ဓာတ်တွေဟာ တော်တော်လေး ရင်နင့် စရာကောင်းလှပါတယ်။ ငယ်ငယ်တုန်းက မိဘတွေနဲ့အတူ ဘုရားရှိခိုးခဲ့တယ်။ ဘုရားသွား ကျောင်းတက် လုပ်ခဲ့တယ်။ ဘုရားရှေ့မှာ ဒူးလေးတုပ်ပြီး ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာတွေ ကပ်လှူခဲ့တယ်။ ကိုယ့်ရဲ့ မွေးနေ့ဂြိုဟ်တိုင်ရှေ့မှာ ဆုတောင်း အမျှဝေခဲ့ရတယ်။ ဒါဟာ လွတ်လပ်တဲ့ အပျိုရည်ဘ၀နော်။

တကယ်လို့ အဲဒီအမျိုးသမီးဟာ လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ကျသွားရင် ဘုရားရှိခိုးဖို့ ဆိုတာလည်း မလွယ်ပါဘူး။ သီလဆောက်တည်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ဘုရားသွားကျောင်းတက် လုပ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ဘာလို့ ဒီလို ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားရတာလဲဆိုရင် ကိုယ်နဲ့ညား ထားတဲ့ယောက်ျားက လူမျိုးခြား ဘာသာခြားဖြစ်နေလို့ ပါပဲ။ အမိမြန်မာပြည်မှာ အမိဗုဒ္ဓဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်မရတဲ့ မြန်မာမိန်းကလေးတွေ အများကြီးပါပဲ။

ဒိုက်ဦးမြို့နယ်ရဲ့ ရွာတစ်ရွာမှာ မိအေးနဲ့ မိဌေးဆိုတဲ့ ညီအစ်မနှစ်ယောက် ရှိတယ်။ အကြီးမ မိအေးဟာ ပထမလူမျိုးခြားဘာသာခြားနဲ့ ညားတယ်။ ကလေးခြောက်ယောက်ရပြီး မိအေးသေဆုံးသွားတယ်။ မိအေးသေလို့ ခုနစ်ရက်တောင်မပြည့်သေးဘူး။ ညီမဖြစ်သူ မိဌေးကလည်း အဲဒီ မိအေး ယောက်ျားနဲ့ပဲ ခိုးရာလိုက်သွားတယ်။ မိဌေးနဲ့လည်း ကလေးငါးရောက်ရတယ်။

လူမျိုးခြား ဘာသာခြား ယောက်ျားတစ်ယောက်က ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး ညီအစ်မနှစ်ယောက်ကို ယူလိုက်တာ သားသမီး(၁၁)ယောက်တောင်ရတယ်။ အဲဒီကလေး(၁၁)ယောက် လုံးဟာ ဘုရားလည်း ရှိခိုးခိုင်းလို့မရဘူး။ တရားလည်း နာခိုင်းလို့မရတော့ဘူး။ သံဃာလည်း ဆွမ်းလောင်းခိုင်းလို့ မရဘူး။ စဉ်းစားကြည့်နော်။ အဲဒီကလေး(၁၁)ယောက်ရဲ့ မျိုးဆက်သစ်တွေဟာ လည်း လူမျိုးခြားစိတ်ပေါက်ပြီး ဗုဒ္ဓဘာသာစိတ် ပျောက်လို့ နေမှာ သေချာပါတယ်။ ဒါဟာ လူမျိုးရေးကို အခြေခံပြီး ဘာသာရေးကို ၀ါးမျိုလိုက်တာပဲ။ အဆီကိုလည်း စားတယ်။ အသားကိုလည်း မျိုတယ်။

ဦးဇင်းဟာ ဘာလို့ ဒီလောက်တောင် အရေးတကြီး ပြောနေရတာလဲဆိုရင် အမျိုးပျောက်မှာ စိုးကြောက်လို့ပါပဲ။ နောက်ပြီး မိဘတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးစေချင်လို့ပါ။ ဘယ်လူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာဘဲဖြစ်ဖြစ် ကိုယ့်အမျိုးကို ထိန်းသိမ်းရပါမယ်။ ကိုယ့်ဘာသာကို စောင့်ရှောက်ရ ပါမယ်။ မြေမျိုလို့ လူမျိုးမပြုတ်ဘူး၊ လူမျိုရင် လူမျိုးပင်မကဘူး ဘာသာတရားကိုပါ ပြုမယ် ဆိုတာ သားသမီးတိုင်း လေးလေးနက်နက် သတိထားရမှာ ဖြစ်ပါတယ်။ အိမ်ရှေ့ခန်းမှာ လောင်နေတဲ့မီးဟာ အိမ်နောက်ဖေးခန်းနဲ့ မဆိုင်ဘူးဆိုပြီး ပေါ့လျော့မနေပါနဲ့။ နိုင်အောင်မငြိမ်းသတ်နိုင်ယင် တစ်အိမ်လုံး လောင်ကျွမ်းသွား နိုင်ပါတယ်။ အညှောက်မှ ထွက်ခါစဖြစ်တဲ့ ညောင်ပင်လေး ကိုလည်း အထင်မသေး လိုက်ပါနဲ့။ အချိန်ကြာလာရင် ကြီးမားတဲ့ ကုက္ကိုပင်ကြီးကိုလည်း မျိုသွားနိုင်ပါတယ်။ ဧရာမ ဘုရားစေတီ ကြီးကိုလည်း ပျက်စီးသွားနိုင်ပါတယ်။

ဒါကြောင့်မို့ သားသမီးတိုင်း မိဘတွေမျှော်လင့်တဲ့ အမျိုးသားရေးအားမာန်၊ ဘာသာရေး အားမာန်တွေ အပြည့်အ၀ ကိန်းဝပ်နေဖို့ လိုပါတယ်။ အဲဒီလို ပင်ကိုယ်အသိစိတ်ဓာတ်လေးတွေထားပြီး အမျိုးသားရေး၊ ဘာသာရေး လက္ခဏာတွေ မပျောက်ပျက်အောင် စောင့်ရှောက်သွားမယ်ဆိုရင် မိဘနဲ့ သားသမီး ချစ်မငြီးတဲ့ လမ်းခရီးမှာ ပန်းမွေ့ရာလေးလို နူးညံ့သိမ်မွေ့နေမှာ သေချာပါတယ်။

(အရှင်ပညောဘာသာ ၏ “အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့” စာအုပ်မှ)

Wednesday, August 20, 2008

သိုသိပ်ခြင်းနိဂုံး

တစ်ရံတစ်ခါ စိတ်စေရာတည့်
မှား၏ မှန်၏ ခွဲမသိဘဲ
ပြောမိဆိုမိ မှားမိတတ်၏။

တစ်ရံတစ်ခါ ရင်မှာဒဏ်ရာ
နာကျင်ခံခက် ဖြန့်ကျက်ထိုထို
ဖွင့်ဆို အဓိပ္ပါယ် မဲ့တတတ်၏။

တစ်ရံတစ်ခါ ရင်နာမိရာ
ပြေပါစေတော့ စိတ်ဖြေလျော့လည်း
ပေါ့၍မလာ လေးလာတတ်၏။

တစ်ရံတစ်ခါ စိတ်မှာဖြေရာ
ဝေဒနာဖျောက် ရွှတ်နောက်ရလည်း
တဒင်္ဂသာစွမ်းတတ်၏။

ရံဖန်ရံခါ များ၍လာသော်
ရင်မှာသိုသိပ် ကြိတ်မှိတ်ခံစား
စွမ်းအားခိုင်မြဲ အားမာန်ဇွဲဖြင့်
ပေါက်ကွဲထိန်းချုပ်နေရ၏။

မခေမာ(ကြေး/မြေ)
ကျွန်တော်ခင်မင်ရသော သူငယ်ချင်းတစ်ယောက်၏ ကဗျာလေးပါ။

Saturday, August 16, 2008

ဝေဒနာ

ငါ့နှလုံးသွေးနဲ့ ငါ့မျက်ရည်စက်ကို
မလိုချင်ပါနဲ့ချစ်သူရယ်။
နှမြောတွန့်တိုစိတ်မျိုးလည်း မရှိရိုးအမှန်ပါ။
ဖြူစင်မြင့်မြတ်ခြင်းတွေ အလေးအနက်ထားပြီး
အေးချမ်းသာယာခဲ့တဲ့ ချစ်သူတို့ရဲ့ ရာဇ၀င်မှာ
မင်းကို---
မြူတစ်မှုံမျှ
အမည်းစက်မစွန်းထင်းစေချင်ဘူးလေ။
ကောက်ကွေ့ စွာခရီးကြမ်းတွေကို
ခက်ခဲကြမ်းတမ်းစွာဖြတ်သန်း
ကိုယ့်အလွမ်းတွေမှာလည်း
မင်းကို မချမ်းမြေ့စေချင်ဘူးနော်။
ပေးဆပ်ချင်တဲ့ မေတ္တာတရားနဲ့ 
ပိုင်ဆိုင်ချင်တဲ့ အတ္တနှစ်ခုကြား
ငါ့နှလုံးသွေးတွေ တစိမ့်စိမ့်စီးယို
မင်းကို သိပ်ချစ်လို့ပါဆိုတာ-------------။

Wednesday, July 23, 2008

ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်


၂၀၀၈-ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေမည့် သာထွန်းပြန့်ဓမ္မစာစောင် အတွက် စာတည်းအာဘော်

Thursday, July 17, 2008

နာဂစ်ရဲ့ နောက်ဆက်တွဲ

မင်းထွက်သွားတဲ့နောက်
ငါ့မှာ ဒဏ်ရာအပြည့်နဲ့
မင်းတွေ့စေချင်
ဧဒင်လောက်လှပတဲ့ငါ့ဘ၀ဟာ
မင်းနဲ့တွေ့မှ ကြေမွခဲ့ရပါပြီ။
နှစ်၊ လ တွေချီပြီး
ပြင်ဆင်ထားသမျှ
နာရီပိုင်းအတွင်းမှာ
မင်းရဲ့ နာကျည်းချက်တွေကြောင့်
ဘ၀ပျက်ခဲ့ရပါပြီ။
ခုတော့…..
ရွာငယ်လေးတစ်ခုလိုပါဘဲ။
မီးမလာ ရေမရနဲ့
နေရခက်လှပါပြီ
နာဂစ်ကိုအကြောင်းပြု
ထောင်းထုကြတဲ့ မသမာသူတစ်ချို့
မြေနိမ့်ရာလှံစိုက်
ရေနစ်သူကို ၀ါးကူထိုး
လူးဆိုးက စပယ်ယာ
ဟိုနားဒီနား ငါးရာကား
ဂိတ်စဂိတ်ဆုံး နှစ်ထောင်နှုန်းနဲ့
မဆီမဆိုင် ဆီဆိုင်ကြောင့်ပါလုပ်သေး
အဟုတ်လေး ချမ်းသာသွားတာ
စပယ်ယာနဲ့ ဒရိုင်ဘာ
အိမ်မှာစားစရာအပြည့်နဲ့
Feel တက်ပြီး
စီးကရက်လက်ကြားညှပ်နိုင်တာ
အုံနာကြီးပါဘဲ။
ကြုံရာစီးပြီး ခေါင်းကြီးရတာ
ပုဂ္ဂလိက ၀န်ထမ်းတစ်ချို့
အိမ်ပြိုတဲ့ကြားက
အလုပ်သွားပေမယ့်
ရှားပါးစရိတ်ဆိုတာ
ဘယ်နားနဲ့မှ မကြားခဲ့ရပါဘူး။
ကုန်ဈေးနှုန်းက နှစ်ဆဆက်ပြန်တော့
ပက်လက်လန်ပြီပေါ့။
နောက်တစ်ခါ နာဂစ်ဆိုယင်
ရွာလစ်တော့မယ်နော်……………။
(၃-၅-၂၀၀၈ နေ့ နံနက် ၁ နာရီမှ ၁၀ နာရီထိ တိုက်ခတ်သွားသော
နာဂစ်မုန်တိုင်း အမှတ်တရ) မောင်ရေချမ်း (ပွင့်ဖြူ)

Monday, June 23, 2008

နာဂစ် (Nargis)

၂၀၀၈-ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မှ စတင်အခြေပြု ဖြစ်တည်လာခဲ့သည်။ မေလ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်များကို ၀င်ရောက်တိုက်ခတ်သွားခဲ့ပြီး မြန်မာနှင့် ထိုင်းနယ်စပ်တွင် အားနည်း ပျက်ပျယ်သွားခဲ့သည်။ ဧရာဝတီတိုင်းသည် မုန်တိုင်း၏ ဗဟိုချက်ဖြစ် သောကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည်။ မုန်တိုင်း၏ အရှိန်သည် တစ်နာရီလျှင် မိုင် ၁၀၀ မှ ၁၅၀အထိ တိုက်ခတ်သွားခဲ့သည်။ မုန်တိုင်းကြောင့် မြင့်တက်လာသော ရေသည် ၁၂ ပေခန့်ရှိသည်။ လူဦးရေ နှစ်သိန်းနီးပါး အသက် ဆုံးရှုံးသွားခဲ့ပြီး လူ နှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လယ်ယာမြေမြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး မွေးမြူရေးလုပ်ငန်းများလည်း များစွာ ပျက်စီးခဲ့ရသည်။ မြန်မာပြည်တွင် နှစ်ပေါင်း ၁၀၀ ခန့်အတွင်း တစ်ခါမျှမကြုံဖူးသော သဘာဝဘေးအန္တရာယ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ နာဂစ်မုန်တိုင်းသည် ရှစ်ကြိမ်မြောက် သေကြေပျက်စီးမှု အများဆုံး မုန်တိုင်း ဖြစ်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်နှင့် အာရေဘီယမ်ပင်လယ်မှ ဖြစ်ပေါ်လာမည့် မုန်တိုင်းများအား World Meteorological Organizations (WMO)မှ အမည်များသတ်မှတ် ပေးထားပြီးဖြစ်သည်။ ၄င်းတို့မှာ နာဂစ်(Nargis)၊အဘီ (Abe)၊ ခိုင်မာလီ(Khaimle)၊ ချာပလာ(Chapala)အစရှိသည်တို့ဖြစ်သည်။ ၄င်းမုန်တိုင်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ခုတည်းသာမက မည်သည့် နိုင်ငံသို့မဆို ၀င်ရောက်တိုက် ခတ်နိုင်သည်ဟု အင်တာနက်တွင် ခန့်မှန်းဖော်ပြ ထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပထ၀ီမြေအနေ အထားအရ မုတ်သုန်ရာသီမတိုင်မီတွင် မုန်တိုင်းဒဏ်အခံရဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့သည်။
ဧပြီလ ၂၉ ရက်နေ့ထုတ် သတင်းစာတွင် မုန်တိုင်းကြိုတင်သတိပေးချက် ထည့်သွင်း ဖော်ပြခဲ့သော်လည်း တစ်ခါမျှမကြုံဖူးသော ပြည်သူများမှာ မုန်တိုင်း၏ အတိမ်အနက်ကို သတိမမူကြပေ။ ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများမှာ ၀မ်းရေးထက်ဘာကိုမျှ အလေးမထားနိုင်ရှာပေ။
မြန်မာတိုင်းမ် စာစောင်က နာဂစ် (Nargis) ၏အဓိပါယ်အား နူးညံ့သော ပန်းကလေးဟု ဖွင့်ဆိုထားသည်။ အိန္ဒိယနိုင်ငံတွင် (၁၉၂၉-၁၉၈၁) ခုနှစ်အတွင်း နာမည်ကြီးသော မင်းသမီး တစ်ယောက်၏ အမည်မှာလည်း နာဂစ် (Nargis) ဖြစ်သည်ဟု အင်တာနက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ပညာရှင်များက မည်သို့ပင် ခန့်မှန်းခဲ့စေကာမူ ဘ၀တစ်သက်တာ အတွက် မမေ့နိုင်စရာ အဖြစ်ဆိုးကြီးပင်ဖြစ်လေသည်။ နာရီပိုင်းအချိန်လေးအတွင်း လူနှင့် သက်ရှိသတ္တ၀ါမြောက်များစွာ၏ အသက်ကို ဇီဝိန်ချုပ်စေခဲ့ပြီး လူပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ကလေးငယ်များစွာ မိဘမဲ့လေးများဖြစ်ခဲ့ရသလို လယ်ယာမြေ ဧကပေါင်းများစွာနှင့် မွေးမြူရေးလုပ်ငန်းများ စွာပျက်စီး ခဲ့ရသည်။
မုန်တိုင်းဖြစ်ရသည့်အခြေခံ အကြောင်းရင်းတစ်ခုမှာ ကမ္ဘာပေါ်တွင် စက်မှုထွန်းကားလာသော နိုင်ငံများ များပြားလာရာမှ ကမ္ဘာကြီး ပူနွေးလာရသည်။ ထို့ကြောင့် မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းမှ ရေခဲများ အရည်ပျော်လည်း အရည်ပျော်ခဲ့ရသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မှာလည်း ပူးနွေးလာပြီး ဤကဲ့သို့ မုန်တိုင်းကြီးများ ဖြစ်ပေါ်လာရ သည်။

Wednesday, April 2, 2008

သတိရမိလေသော ဟိုတစ်ချိန် နွေဦးရာသီ

သတိရမိလေသော ဟိုတစ်ချိန် နွေဦးရာသီ
တစ်ချိန်က ကျွန်တော်တစ်ယောက် ကျွန်တော်တို့ရွာလေးနှင့် ၂-မိုင်နှင့် ၄-ဖာလုံခန့်ဝေးသော ရွာကလေးရှိ ခွဲဘက်အထက်တန်းကျောင်းတစ်ခုမှာ သွားရောက်ပညာသင်ခဲ့ရပါတယ်။ ကျောင်းနှင့် အရမ်းဝေးကွာသော ရွာကလေးတစ်ရွာမှ ခြေလျှင်လာရောက်ပညာသင်ကြားရသောကြောင့် ဆရာမများက ကျွန်တော့်ကို အရမ်း ချစ်ခင်လေးစားကြပါသည်။ ပညာကို ခက်ခက်ခဲခဲ လာရောက်သင်ယူသောကြောင့်ပင်----------။ ကျောင်းများ စဖွင့်တဲ့အချိန်များဆိုလျှင်တော်သေးသည်။ မှုန်တစ်ထောင်းထောင်းထနေသော လှည်းလမ်းမှ ကျောင်းသို့ ခြေလျှင်သွားရသည်မှာ ကျွန်တော့်အတွက် ထမင်းစားရေသောက်သလောက်ပင်။ ဒါပေမယ့် မိုးဦးရွာသီသို့ ရောက်ပြီဆိုလျှင်တော့ ကျွန်တော်တစ်ယောက် ကျောင်းသွားရမှာ အရမ်း လေးလံနေမိသည်။ အိမ်ကစထွက် ကတည်းက ဖိနပ်နှစ်ဖက်က လူကိုပြန်စီးခဲ့လေပြီ။ ဘောကန်ဘောင်းဘီတိုလေးဝတ်ပြီး ပုဆိုးကွင်းကို စလွယ်သိုင်းပြီး ကျောင်းသို့ သွားရသည်။ လယ်ကွင်းများကိုဖြတ်ပြီး ရွံ့နွံများတွင် ရုန်းကန်ယင်း ကျောင်းသို့ ရောက်ခဲ့လေပြီ။ ဒီတစ်ခါတော့ ကိုယ်က ဖိနပ်ကို ပြန်စီးခွင့်ရပြီပေါ့လေ။ ဆောင်းရာသီသို့ရောက်လျှင်တော့ မြူခိုးမြူမှုန်တွေကြားမှ ဖြတ်သွားရသည်ကိုပင် ကြည်နူးစရာကောင်းလှသည်။ ဝေးသည် နီးသည်မသိ။ ချမ်းသည် အေးသည်ကိုလည်း သတိမရနိုင်တော့ပါ။ ဆောင်းအကုန် နွေအကူး ရွက်ဟောင်းကြွေလို့ ရွက်သစ်လူးတဲ့ အချိန်ရောက်ရင်တော့ ရင်ထဲမှာ တလှပ်လှပ်နှင့်။ ဘယ်ကို မှန်းပြီး ဘယ်ကိုလွမ်းရလေမည်မသိ။ ရင်ထဲမှာ လည်း တစ်ခုခုဖြစ်နေပြီ။ ကျောင်းသို့သွားရာ လယ်ကွင်းပြင်များတစ်လျှောက် ရိုးပြတ်ခြောက်များသာ နေရာယူနေလေပေပြီ။ လက်ပံပွင်နီများလည်း အားမတန်လို့ မာန်လျော့ကာ တဖြုတ်ဖြုတ်ကြွေကျနေလေရဲ့။ ပေါက်ပင်များကလည်း အပြိုင်းအရိုင်းပွင့်နေလေရှာရဲ့။ ဥသြငှက်ကလေးကလည်း ဥသြ.....ဥသြဟု တစာစာဟစ်ကြွေးကာ ခွဲခွါရမည့်အချိန်ကို အချက်ပေးနေသလိုပင်.......။ ဒီအချိန်သည် ကျွန်တော်တို့ သူငယ်ချင်းတစ်တွေအတွက် တစ်ဘ၀တာလည်းဖြစ်နိုင်သလို...တစ်ခဏတာလည်းဖြစ်နိုင်ပြီး......နှစ်ပေါင်းများစွာလည်း ခွဲခွါရပေဦးမည်။ မည်သူတစ်ဦးတစ်ယောက်မျှ မလွန်ဆန်နိုင်သော တွေ့ဆုံ ကြုံကွဲ သင်ခါရတရားပင်.......။ တကယ့်ကို ရင်မောစေခဲ့သလို ခုအချိန်ထိလည်း ပြန်မတွေ့ဖြစ်တဲ့ သူငယ်ချင်း မျောက်များစွာရှိသည်။ သူငယ်ချင်းများကိုလည်း တမ်းတမ်းတတ သတိရနေပေမယ့် ဘယ်ဆီ ဘယ်နေရာတွေ ရောက်နေကြသည်မသိပေ။ သြော်............ဆယ်စုနှစ်တစ်ခုတောင် ကျော်ခဲ့ပြီဘဲနော်...............

Tuesday, February 5, 2008

“မုန်းချောင်းနံဘေး ဧရာဝတီမှာရေးတဲ့သစ္စာ“

အမေက ကျွန်တော့်ကို ဧရာဝတီမြစ်ကြီးနဲ့ မလှမ်းမကမ်း မုန်းချောင်းနံဘေး ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော် တစ်ယောက်တည်းမို့ အမေ့အပေါ်ရော အဖေ့အပေါ်ပါ အလိုလိုက် အမိုက်စော်ကား ဆိုးမိုက်တဲ့သားတစ်ယောက်ဖြစ်ခဲ့ ပါတယ်။ အမေ့ အသက်အရွယ်ထောက်တော့မှ အသိစိတ် အနည်းငယ်ဝင်ပြီး အမေ့ကို လုပ်ကျွေးပြုစုခဲ့ရပေမယ့် အချိန်ကာလ အင်မတန် တိုတောင်းခဲ့ပါတယ်။ အမေ့ကျေးဇူးကို ဆံချည်တမျှင်စာမျှ ကျေအောင်မဆပ်နိုင်သေးခင် အမေဟာ လူ့ဘ၀ကို စွန့်ခွါသွားခဲ့ပါတယ်။ ယူကြုံးမရ နောင်တများစွာထွေးပိုက်ရင်း ကျွန်တော့်ရင်တွေ ကျွမ်းမြိုက်ပူလောင်ခဲ့ရပါတယ်။ အမေ့ကျေးဇူးတွေကို အဖန်ဖန်အောက်မေ့ရင်း ရင်ထုမနာဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာခံစားရသမျှကို ကြိုးစားပြီး အမေ့ကို ရည်မှန်းပြီး ကဗျာမှတ်တမ်းတစ်ပုဒ်အဖြစ် ရေးသားခဲ့ပါတယ်။ သည်ကဗျာကို ဖတ်မိလေတိုင်း မျက်ရည်အခါခါဝဲခဲ့ရပါတယ်။ ကျွန်တော့်ကဗျာကို မျှဝေခံစား ဖတ်မိသူများလည်း အမေ့မေတ္တာတရားတွေကို အပြည့်အ၀နားလည်ပြီး အမေ့ကျေးဇူးကို တတ်နိုင်သမျှ ဆပ်နိုင်ကြပါစေလို့---------------
“အမေသိပါစေ”
နွေမျက်ရည်ဝေ၊ အမေပျက်ကြွေ
သက်ကြွေခန္ဓာ၊ ကံကြမ္မာလား
သနားမဲ့စွာ၊ ထားခဲ့ပါပြီ။
သည်တစ်နွေသည်၊ ဝေသီမျက်ရည်
အလွမ်းတွေနှင့်၊ ကျွမ်းစေသင့်ခဲ့။
သည်တစ်နွေဦး၊ မျက်ရည်အိုင်လူး
ပုရစ်ဖူးကြွေ၊ တစ်နှစ်ကူးစေခဲ့။
သည်တစ်နွေတွင်၊ ပူပင်ကျွမ်းမြိုက်
ရင်၌ကြေကွဲ၊ အမေခွဲခွါ
ခြားကမ္ဘာသို့၊ မျက်ရည်စို့အောင်
နင့်သည်းနှောင်ခဲ့……………..။
သည်နွေရောက်တိုင်း၊ ရင်လှိုင်းတို့ထန်
အဖန်ဖန်တွေး၊ မျှော်ငေးမှန်းဆ
တမ်းတမဆုံး၊ အမေ့အပြုံးတွေ
ခုနေခါများ၊ အနားမှာလေ
အမေရှိနေက၊ သြော်ကောင်းစွဟု
ရင်ထုမနာ၊ ကြေကွဲကာဖြင့်
ဆယ်ဖြာလက်မိုး၊ ကျွန်ရှစ်ခိုးမိ
တမလွန်မှလေ၊ အမေသိပါစေ……………..။
“မြင့်မိုရ်တောင်ဦး မကကျူးသော အမေ့မေတ္တာအား အမှတ်တရ”
အဖော်မဲ့ဘ၀နဲ့
မပျော်တဲ့ညတွေ ဖြတ်သန်းရင်း
မှတ်တမ်းထဲကသီချင်းတွေသီကုံး
ဘ၀သံသရာတစ်လျှောက်လုံးမှာလည်း
အလှကံကြမ္မာ ပျောက်သုဉ်းခဲ့ပါပြီလေ…………..။
အမေ့အားရည်မှန်း
ကန်တော့ပန်းဆင်
ကဗျာကျမ်းတော့ တင်ခွင့်ပြုပါအမေ……………
ငါ့သားရယ်
မင်းကိုမွေးတုန်းကဆို
သားဦးရတနာ၊ ရွာမှာဆိုစိတ်မချလို့
မြို့ဆေးရုံကိုတက်၊ အသက်ကိုငဲ့
သားအတွက်ငွေမနှမြော
သားဇောနဲ့သောကတွေပွား
လွယ်လွယ်ကူကူနဲ့ ဖွားနိုင်ပါ့မလား
သား အရေး
အားမွေးခဲ့လိုက်ရတာတဲ့……………..။
အချိန်တန်လူလားမြောက်
သားတစ်ယောက်ကို မြှောက်စားလိုက်ရတာ
ငါ့သားများကြီးယင်လေ…
သားအတွက်မမောစတမ်း
အမွှမ်းတင်ခန်းဖွင့်
မျှော်လင့်ချက်အပြည့်နဲ့လေ……………။
ငါ့သားလေးဂုဏ်မငယ်စေဖို့
အရွယ်ရောက်တော့ ပညာသင်
ငါ့သားလှလိုသမျှ
ကိုယ်ကဖြည့်ဆည်းပေးရမှာ
သားရတနာထွန်းတောက်ဖို့
ဒို့နှစ်ယောက်ဟာ အားလို့
တီးတိုးစကားနဲ့ အဖေ့ကိုပြော
သားကိုချစ်တဲ့ မနောတွေလေ………..။
သားလှရတနာမို့
သာသနဒါယဇ္ဇအမွေခံ
လှူချိန်တန်ပြန်တော့
သားတစ်ယောက်မို့
ဖွားမြောက်ခဲ့တို့မှာ
သားရတနာ မျက်နှာမငယ်ရအောင်
ရှင်သာမဏေဘောင်သွတ်သွင်း
ပြင်းပြတဲ့သဒ္ဓါနဲ့
ထည်ထည်ဝါ၀ါလှူချင်ပါသတဲ့
ညဥ့်ယံနက်နက်မှာ
ရှိုက်သံသဲ့သဲ့နဲ့ဆို
အဖေ့ကိုရင်ဖွင့်ရင်း
အမေ့မေတ္တာကို ထွင်းပြခဲ့တာ……….။
သားမချိတာ
သားသိပါတယ် အမေရယ်
သာသနဒါယဇ္ဇ အမွေခံပြီးမှာတော့
ကံကြမ္မာရဲ့ ရက်စက်ခြင်း
လောကဓံရဲ့ ရိုက်ခတ်ချက်တွေအောက်
ကျွန်တော်တို့သားအမိသုံးယောက်အဖြစ်ဟာ
လှေလှော်ရင်းတက်ကျိုး
ရင်နင့်စရာ အဖြစ်ဆိုးချည်းပါဘဲလေ……..။
မလိမ္မာတစ်ခါလိုက်တဲ့
သားမိုက်ခဲ့တဲ့ဒဏ်ကို
အမေ ရင်စီးခံခဲ့ရတယ်နော်…
ဆိုးမိုက်ခဲ့တဲ့သားနဲ့
ရိုးလိုက်တဲ့ ယောင်္ကျားအပေါ်
အဖော် မာတာပီသစွာနဲ့
ယာထဲကိုင်းထဲအငှားလိုက်
ချွေးမြိုက်မြိုက်ကျတဲ့အထိ
မချိအောင်ပင်ပန်း
နေပူထဲမှာ အမေလှမ်းခဲ့ရတယ်…………..။
ကာလတနံတလျား
အမေ့အသားအရေဖျော့တော့
အမေ့အားတွေပျော့တော့မှ
သားမိုက်ကအသိဝင်
အလုပ်ခွင်မရွေး
အမေ့ကိုလုပ်ကျွေးတော့
တောက်ပလိုက်တဲ့အမေ့အပြုံး
နှလုံးမှာအေးမြ သိပ်ကိုချမ်းမြေ့ခဲ့ရပါတယ်………။
ဒီလိုနဲ့
ဆယ်တန်းဆိုတဲ့ခရီးမှာ
တဘုန်းဘုန်းလဲကျယင်း
အလွမ်းသီချင်းတွေကျွန်တော်ဆို
ဘ၀အတွက်ရုန်းကန်ယင်း
အလိုလိုစိတ်ဓါတ်တွေကျလုဆဲ
အသည်းထဲကထွက်လာတဲ့ အမေ့စကား
အမေ့မျက်ဝန်းကအားနဲ့
သားလက်ကို တင်းတင်းဆုပ်
“ကံကြမ္မာဆိုတာ လူလုပ်တာပါတဲ့”
ဒီမယ်ငါ့သား
လူဆိုတာ (ငါ့သားရယ်)
အညွန့်တလူလူနဲ့မို့ လူ လို့ခေါ်တယ်
ဘာအားပျက်စရာရှိလည်း
အသက်ကြီးတဲ့အမေတောင် အားမလျော့
ငါ့သား အားမလျော့နဲ့
ရှေ့ဆက်ရင်ဆိုင်ယင်
ပန်းတိုင်ဝင်ရမှာပေါ့တဲ့…………..။
အမေ့အားပေးစကားနဲ့
ကျွန်တော် ရှေ့ကသွားယင်း
ပန်းတိုင်မ၀င်သေးပေမယ့်
ပန်းတိုင်မြင်လိုက်ရတယ် အမေ…..
အမေ့ခါးမှာတော့
အဖာဗရပျစ်လုံချည်
သားဆီက စာမလာတော့
တိတ်တိတ်လေး မျက်ရည်တွေကျ
ငါ့သားဘ၀ အဆင်ပြေယင်
အမေ့ရင်မှာချမ်းမြေ့ပါသတဲ့………။
တစ်ခါက
ကျွန်တော့အလုပ်ကို
အမေလိုက်လာတော့
ဘာလို့လာတာလဲ အမေလို့
မိုက်မဲစွာကျွန်တော်မေးတော့
“လွမ်းလို့ပေါ့ သားရယ်တဲ့”………….
အမေ့မျက်ဝန်းကမျက်ရည်မြင်ရ
ရင်ထဲက မချိပါဘူး အမေ…………။
အမေ ကျွန်တော့ကို စိတ်ချနော်လို့ ပြောတော့
အမေ မျက်ရည်ဝဲရင်း
ခေါင်းမခါ ခေါင်းမညိတ်
အမေ့ရင်ထဲ ကြိတ်ပြီးရှိုက်သံ
ရင်ထဲကို ထိမှန်ခဲ့ပါတယ် အမေ……………။
အမှတ်တမဲ့ပါဘဲ
ဖုန်းလာတယ်ဆိုတဲ့အသံကြားတော့
လေလှိုင်းထဲက ချောက်ခြားတဲ့ဦးလေးအသံ
မင်းအမေ အသည်းအသန်ဖြစ်လို့
ကျွန်တော့်ရင်ထဲမှာဆို့နင့်
ကျွန်တော် မမျှော်လင့်ချင်တဲ့နေ့ ရောက်ပါပေါ့လေ………….။
အဲဒီလိုနဲ့
ရရာကားကိုစီးရင်း
လမ်းတစ်လျှောက်မှာလည်း
အမေ့မေတ္တာတွေကို တွေးယင်း
ကတုန်ကရီနဲ့ဖုန်းပြောတဲ့ ဦးလေးအသံ
ကြားပြန်ရင်းကြေကွဲ
တစ်ညလုံးလဲ မိုးလင်းခဲ့ရပါတယ်။
ရွာအ၀င်မှာတော့
သူငယ်ချင်းရဲ့စကား
မင်းအမေဆုံးသွားပြီဆိုတဲ့ အသံ
ကမ္ဘာပျက်သံပါဘဲ အမေ…………..
ဟာကွာလို့ လှိုက်ဆို
ရှိုက်ငိုယင်းအပြေးသွား
အမေ့အနားကိုရောက်တော့
ကျွန်တော် နောက်ကျခဲ့ပါပေါ့လား အမေရယ်….
ငြိမ်သက်စွာ လဲလျောင်းနေတဲ့
အမေ့ခန္ဓာကို ကြည့်ယင်း
ရင်တွင်းက ယူကြုံးမရ
ဒီဘ၀တော့ သွားပြီးပေါ့ အမေရယ်………။
ကျွန်တော်ဘယ်လိုဖြေမလဲ
ကျွန်တော်ဘယ်လိုနေမလဲ
မင်းသားရောက်လာပြီလေ ဆိုတဲ့
ရိုးစင်းတဲ့အဖေ့အသံ
တကယ့်ကို ကြေကွဲစရာ
ရင်နာစရာ အမေ့ဇာတ်သိမ်း
အစိမ်းကားဆုံးအလွမ်းတွေနဲ့
အမေရယ် အဖေနဲ့ ကျွန်တော့ကြား
ကန့်လန့်ကာခြားခဲ့ပြီနော်………….
အမေ့ခန္ဓာမြေချတော့
ဝေကျလာတဲ့ မျက်ရည်စနဲ့
နောင်ဘ၀ဆိုတာ ရှိခဲ့ယင်
ဘုရားတပည့်တော်၏မိခင်ကို
သား တာဝန်ကျေပွန်စွာနဲ့
ထာဝရလုပ်ကျွေး ကျေးဇူးဆပ်ပါရစေဘုရား လို့
နှလုံးသားက ဆုချွေ
တမလွန်မှ အမေသိပါစေလေ………………။
(၂၀-၄-၂၀၀၁) နေ့တွင် တမလွန်ဘ၀သို့ ကူးပြောင်းသွားသော အစ်ကိုကြီးနန်းသွေး၏ အမေအား အမှတ်တရ ဂါရ၀ပြုလျှက်)

Sunday, January 27, 2008

“တစ်ခေါက်တစ်ခါ အရောက်လာစမ်းစေချင်သည် စန္ဒကူးနံ့သာကျောင်းတော်ရာသို့”

မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌ ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌ ခြေတော်ရာ နှစ်ဆူ (ယခုရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထို့ကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက်လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍ အကျိုးထူးမည်) ဟူသော သမိုင်းဆောင်ပုဒ် တွင်နေခြင်းဖြစ်သည်။
မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့် နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန် ကျောင်းတော်ရာဘုရားသို့ အရောက်ဖူးသင့်ပါ သည်။
မင်းဘူးမှ မြောက်သို့(၁၉မိုင်) ဘုရားအထိ ကတ္တရာလမ်းဖြစ်သည်။ မကွေး-မင်းဘူး မြစ်ကူးတံတားကြီးနှင့် မန်းချောင်းတံတားမှနေ၍ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာမှုလွယ်ကူချောမောပါသည်။ ဘုရား၌ စားသောက်ဆိုင် များနှင့် တည်းခိုရိပ်သာများ ရှိပါသည်။
ကျောင်းတော်ရာဘုရား၌ ကြည်ညိုလေ့လာရန်
၁။ မြတ်စွာဘုရား တရားဟောတော်မူရာ ပလ္လင်တော်နေရာ စေတီတော်မြတ်ကြီး၊
၂။ စန္ဒကူးနံ့သာ ကျောင်းတော်၏ ဒေါင့်လေးဒေါင့် စေတီဘုရားလေးဆူ၊
၃။ အဓိဌာန်တန်ခိုးကြီးမားတော်မူသော မဟာပုဏ္ဏ ရဟန္တာ အရှင်မြတ်၏ မူလကျောင်းတော်ရာ အဓိဌာန် ဂူဘုရားစေတီနှင့် ဓါတ်တော်စေတီ။
၎။ ၀ါတွင်းကာလ၌ ၀ါထပ်ရက်ငင်ကိုသိ၍ ဘုရားဖူးရောက်လာသော အသက်လွတ်စား ဘုရားဖူးငါးများ၏ ပုံတူရုပ်ထုများနေရာနှင့် ၀ါတွင်းကာလ ငါးများလာရောက်၍ ဥပုသ်သီတင်းဆောက်တည်ရာ မုန်းချောင်းကမ်းပါး ငါးကျွေးဆိပ်နေရာ။
၅။ ဘုရားဗျာဒိတ်ရ မဏိစည်သူမင်းမြတ်သည် ကျေးဇူးသိသောအားဖြင့် တည်ထားအပ်သော သိကြားမင်း ဂူတော်။
၆။ မဏိစည်သူမင်းမြတ်၏ ဖောင်တော်ဆိုက်ရာ ဖောင်တော်ဦးဘုရား။
၇။ ဘုရားဖူးဧည့်သည်များ တည်းခိုရန် ဘုရားဖူးဇရပ်တန်းများ၊ ညအိပ်ဆောင်များ။
၈။ မဟာဗောဓိပင် သတ္တဌာနဘုရား(၇)ဆူနှင့် စန္ဒကူးနံ့သာပင် တောအုပ်များ။
၉။ ရှေးဟောင်းဘုရားများ၊ ကျောင်းတော်နှင့် ပြတိုက်။
၁၀။ ဘုရားသမိုင်းနှင့် ပတ်သက်သော ရုပ်ထုရုပ်လုံးများ၊ ပန်းချီကားများ၊ ရှေးဟောင်းပြခန်းများ စသောလေ့လာရန်ဌာနများနှင့် အနုပညာပြောင်မြောက် သော သာသနာ့အဆောက်အဦးများ စသည်တို့ကို သပ္ပါယ် ကြည်ညိုစွာ ဖူးတွေ့ကြရမည် ဖြစ်ပါသည်။
သာသနာဝင် ပိဋကတ်ကျမ်းတော်လာ ထူးမြတ်ဂုဏ် ၄ မျိုး
၁။ မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူရာ စန္ဒကူးနံ့သာ ကျောင်းတော်ရာဖြစ်ခြင်းကြောင့် ဗုဒ္မ၀လဉ္စနဌာန။
၂။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလံ၊ ရှင်အာနန္ဒာ စသော အရိယာရဟန္တာကြီးများ သီတင်းသုံးတော်မူရာ ဖြစ်ခြင်းကြောင့် အရိယာ သံဃ၀လဉ္စနဌာန။
၃။ သတ္တ၀ါများ တရားထူး တရားမြတ်ကို ထိုးထွင်းသိမြင်ရာဌာန ဖြစ်သောကြောင့် ဓမ္မာဘိသမယဌာန။
၎။ မြတ်စွာဘုရားသည် အနာဂတ် သတ္တ၀ါများအတွက် စန္ဒကူးကျောင်းတော်ရာ၌ စေတီတည်ထားပူဇော်ရန် ပုဂံပြည့်ရှင်မဏိစည်သူမင်းမြတ်အား ဗျာဒိတ်ထား တော်မူခြင်းကြောင့် ဗျာဒိတ္တဌာန။
ဤသို့ ဂုဏ်ပုဒ်များဖြင့် ပြည့်စုံသောဌာန ဖြစ်ပါသည်။
ထူးခြားချက်။ စေတီတော်ကြီး၏ ရာဟုဒေါင့်မှ အဒိဋ္ဌာန်ပြု ဆုတောင်းလျှင် အောင်မြင်ကြောင်း ရှေး ပေါရာဏကထာအရ ယုံကြည်လက်ခံပြည့်စုံကြပါသည်။

ပို့တင်သူ အညာသားလေး၏ အမှာစာ
စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားသို့ ဘုရားဖူးလာရောက်ကြကုန်သော တစ်ကမ္ဘာလုံးအပါအ၀င် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်အပေါင်း တို့ခင်ဗျား ဤ ကျောင်းတော်ရာဘုရား အနီးပတ်ဝန်းကျင်မှ မြို့ငယ်လေး များတွင်နေထိုင်ကြသူများ၊ ကျေးရွာလေးများတွင် နေထိုင်ကြသူများမှာ မိရိုးဖလာ လုပ်ငန်းဖြစ်သော လယ်ယာလုပ်ကိုင်ခြင်းဖြင့်သာ အသက်မွေးကြရသူများနှင့် လက်လုပ်လက်စား ဆင်းရဲသားအများ နေထိုင်ရာ နေရာလေးဖြစ်သောကြောင့် ၀င်ငွေအရမ်းနည်းသူများဖြစ်ကြပါသည်။ အလှူဒါနပြုလိုသူများပေမယ့် ၀င်ငွေ နည်းပါးသောကြောင့် တတ်အားသမျှ လေးသာ ဒါနပြုနိုင်ကြပါသည်။ ထိုသို့ ဆင်းရဲနွမ်းပါးသော နေရာလေးတွင် ဖြစ်တည်လာခဲ့သော သမိုင်းဝင် ဤဘုရားလေးမှာ ပျက်စီးယိုယွင်းမှု များပြားနေသောကြောင့် ပြုပြင်လှူဒါန်း သူသာမရှိလျှင် သမိုင်းပါပျောက်ကွယ်သွားနိုင်ပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသားဘုရားဖူးဧည့်သည်များ၊ Tourist Guide များ၊ လခစားဝန်ထမ်းများအား မိမိတို့ဝင်ငွေများမှ တတ်အားသမျှကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းသွားကြစေလိုပါသည်။