Showing posts with label ပုဆိုးကိုစလွယ်သိုင်းပြီး လယ်ကွင်းတွေကိုကျော်ဖြတ်-. Show all posts
Showing posts with label ပုဆိုးကိုစလွယ်သိုင်းပြီး လယ်ကွင်းတွေကိုကျော်ဖြတ်-. Show all posts

Monday, December 3, 2007

ပုဆိုးကိုစလွယ်သိုင်းပြီး လယ်ကွင်းတွေကိုကျော်ဖြတ်-

ကျွန်တော့်ဘ၀က ပညာနဲ့ပတ်သက်လာယင် ဘယ်တော့မှ လွယ်လင့်တကူ သက်တောင့်သက်သာ မရခဲ့ရှာဘူး။ ဒါ့ကြောင့် ကျွန်တော်တတ်ထားသမျှ ပညာတွေကို အရမ်းတန်ဖိုးထားတယ်။ “ပညာသင်ကြားဖူးသူတိုင်း ပညာကို လေးစားမြတ်နိုး တန်ဖိုးထား တတ်ကြပါသည်”ဆိုတဲ့ ဆောင်ပုဒ်က ကျွန်တော့်အတွက်တော့ ပေါ့တော့တော့ပါ။ ဘာဖြစ် လို့လဲဆိုတော့ ဒီထက်တန်ဖိုးထားပြီး ပညာသင်ကြားခဲ့ရလို့ပါ။
ကျွန်တော် အထက်တန်းပညာကို ကျွန်တော်တို့ရွာနဲ့ အလှမ်းကွာဝေးတဲ့ ခွဲဘက် အထက်တန်းကျောင်း၊ သမင်ခြံ (ယခင်ခွဲဘက်)မှာ တက်ရောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ရွာကနေ ၂ နာရီကြာ (ရွာသားခြေလှမ်း) လမ်းလျှောက်ရပါတယ်။ လွယ်လွယ်တော့ မထင် စေလိုပါ။ ပုဆိုးကိုစလွယ်သိုင်းပြီး လယ်ကွင်း ကန်သင်းရိုးတွေကိုဖြတ်ပြီး သွားရတာပါ။ ဖိနပ်ကတော့ ပိုဆိုးကွင်းစလွယ်သိုင်းထားတဲ့အထဲ လိပ်လျှက်သားပေါ့။ ဘေးလွယ်အိတ်ကို ကျောပိုးအိတ်ပုံစံလုပ်ပြီးလွယ်ခဲ့ရတယ်။ ဖိနပ်ကိုတော့ ကျောင်းနားက လယ်ကိုရေပေးတဲ့ ရေမြောင်းရောက်မှ ခြေထောက်ရေဆေးပြီး စီးရပါတယ်။ အိမ်ကစားလာသမျှ ထမင်းကြမ်း လမ်းခုလတ်မှာဘဲ အစာချက်သွားလို့ ထင်းမင်းဘူးဖြေပြီး တစ်ဝက်စားရသေးတယ်။ ကျန်တဲ့တစ်ဝက်ကတော့ နေ့လည်စာအတွက်ပေါ့။
ကျောင်းနောက်ကျဖူးတာလဲ မနည်းပါဘူး။ ကျောင်းအုပ်ဆရာမကြီးကတော့ အပျိုကြီး လည်းဖြစ် စည်းကမ်းလည်းကြီးတော့ နားလည်မပေးနိုင်ရှာဘူး။ မနက် Assembly စီတဲ့ရှေ့မှာဘဲ ပိုဆိုးကိုခြေသလုံးပေါ်အောင်လှန်ပြီး ရိုက်ပါလေရောဗျာ။ မနာပါဘူး။ ဒါပေမယ့် ရှက်လိုက်တာတော့ မပြောပါနဲ့တော့ဗျာ။ နားလည်ပေးကြပါ။ ကျွန်တော်တို့ ထက်ဝေးတဲ့ ကျောင်းသားမရှိပါဘူးဗျာ။ အတန်းပိုင်ဆရာမကတော့ သားရယ် သားရယ်လို့ တစာစာ ခေါ်ပါတယ်။ သူလည်းမကယ်လိုက်နိုင်ဘူးလေ။ နောက်ကျပေါင်းများလို့ တံခါးကို ခိုးဖွင့်ပေးရတာလည်း အခါပေါင်းမနည်းတော့ဘူးကိုး။