Wednesday, August 20, 2008

သိုသိပ်ခြင်းနိဂုံး

တစ်ရံတစ်ခါ စိတ်စေရာတည့်
မှား၏ မှန်၏ ခွဲမသိဘဲ
ပြောမိဆိုမိ မှားမိတတ်၏။

တစ်ရံတစ်ခါ ရင်မှာဒဏ်ရာ
နာကျင်ခံခက် ဖြန့်ကျက်ထိုထို
ဖွင့်ဆို အဓိပ္ပါယ် မဲ့တတတ်၏။

တစ်ရံတစ်ခါ ရင်နာမိရာ
ပြေပါစေတော့ စိတ်ဖြေလျော့လည်း
ပေါ့၍မလာ လေးလာတတ်၏။

တစ်ရံတစ်ခါ စိတ်မှာဖြေရာ
ဝေဒနာဖျောက် ရွှတ်နောက်ရလည်း
တဒင်္ဂသာစွမ်းတတ်၏။

ရံဖန်ရံခါ များ၍လာသော်
ရင်မှာသိုသိပ် ကြိတ်မှိတ်ခံစား
စွမ်းအားခိုင်မြဲ အားမာန်ဇွဲဖြင့်
ပေါက်ကွဲထိန်းချုပ်နေရ၏။

မခေမာ(ကြေး/မြေ)
ကျွန်တော်ခင်မင်ရသော သူငယ်ချင်းတစ်ယောက်၏ ကဗျာလေးပါ။

Saturday, August 16, 2008

ဝေဒနာ

ငါ့နှလုံးသွေးနဲ့ ငါ့မျက်ရည်စက်ကို
မလိုချင်ပါနဲ့ချစ်သူရယ်။
နှမြောတွန့်တိုစိတ်မျိုးလည်း မရှိရိုးအမှန်ပါ။
ဖြူစင်မြင့်မြတ်ခြင်းတွေ အလေးအနက်ထားပြီး
အေးချမ်းသာယာခဲ့တဲ့ ချစ်သူတို့ရဲ့ ရာဇ၀င်မှာ
မင်းကို---
မြူတစ်မှုံမျှ
အမည်းစက်မစွန်းထင်းစေချင်ဘူးလေ။
ကောက်ကွေ့ စွာခရီးကြမ်းတွေကို
ခက်ခဲကြမ်းတမ်းစွာဖြတ်သန်း
ကိုယ့်အလွမ်းတွေမှာလည်း
မင်းကို မချမ်းမြေ့စေချင်ဘူးနော်။
ပေးဆပ်ချင်တဲ့ မေတ္တာတရားနဲ့ 
ပိုင်ဆိုင်ချင်တဲ့ အတ္တနှစ်ခုကြား
ငါ့နှလုံးသွေးတွေ တစိမ့်စိမ့်စီးယို
မင်းကို သိပ်ချစ်လို့ပါဆိုတာ-------------။

Wednesday, July 23, 2008

ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်


၂၀၀၈-ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေမည့် သာထွန်းပြန့်ဓမ္မစာစောင် အတွက် စာတည်းအာဘော်

Thursday, July 17, 2008

နာဂစ်ရဲ့ နောက်ဆက်တွဲ

မင်းထွက်သွားတဲ့နောက်
ငါ့မှာ ဒဏ်ရာအပြည့်နဲ့
မင်းတွေ့စေချင်
ဧဒင်လောက်လှပတဲ့ငါ့ဘ၀ဟာ
မင်းနဲ့တွေ့မှ ကြေမွခဲ့ရပါပြီ။
နှစ်၊ လ တွေချီပြီး
ပြင်ဆင်ထားသမျှ
နာရီပိုင်းအတွင်းမှာ
မင်းရဲ့ နာကျည်းချက်တွေကြောင့်
ဘ၀ပျက်ခဲ့ရပါပြီ။
ခုတော့…..
ရွာငယ်လေးတစ်ခုလိုပါဘဲ။
မီးမလာ ရေမရနဲ့
နေရခက်လှပါပြီ
နာဂစ်ကိုအကြောင်းပြု
ထောင်းထုကြတဲ့ မသမာသူတစ်ချို့
မြေနိမ့်ရာလှံစိုက်
ရေနစ်သူကို ၀ါးကူထိုး
လူးဆိုးက စပယ်ယာ
ဟိုနားဒီနား ငါးရာကား
ဂိတ်စဂိတ်ဆုံး နှစ်ထောင်နှုန်းနဲ့
မဆီမဆိုင် ဆီဆိုင်ကြောင့်ပါလုပ်သေး
အဟုတ်လေး ချမ်းသာသွားတာ
စပယ်ယာနဲ့ ဒရိုင်ဘာ
အိမ်မှာစားစရာအပြည့်နဲ့
Feel တက်ပြီး
စီးကရက်လက်ကြားညှပ်နိုင်တာ
အုံနာကြီးပါဘဲ။
ကြုံရာစီးပြီး ခေါင်းကြီးရတာ
ပုဂ္ဂလိက ၀န်ထမ်းတစ်ချို့
အိမ်ပြိုတဲ့ကြားက
အလုပ်သွားပေမယ့်
ရှားပါးစရိတ်ဆိုတာ
ဘယ်နားနဲ့မှ မကြားခဲ့ရပါဘူး။
ကုန်ဈေးနှုန်းက နှစ်ဆဆက်ပြန်တော့
ပက်လက်လန်ပြီပေါ့။
နောက်တစ်ခါ နာဂစ်ဆိုယင်
ရွာလစ်တော့မယ်နော်……………။
(၃-၅-၂၀၀၈ နေ့ နံနက် ၁ နာရီမှ ၁၀ နာရီထိ တိုက်ခတ်သွားသော
နာဂစ်မုန်တိုင်း အမှတ်တရ) မောင်ရေချမ်း (ပွင့်ဖြူ)

Monday, June 23, 2008

နာဂစ် (Nargis)

၂၀၀၈-ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မှ စတင်အခြေပြု ဖြစ်တည်လာခဲ့သည်။ မေလ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်များကို ၀င်ရောက်တိုက်ခတ်သွားခဲ့ပြီး မြန်မာနှင့် ထိုင်းနယ်စပ်တွင် အားနည်း ပျက်ပျယ်သွားခဲ့သည်။ ဧရာဝတီတိုင်းသည် မုန်တိုင်း၏ ဗဟိုချက်ဖြစ် သောကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည်။ မုန်တိုင်း၏ အရှိန်သည် တစ်နာရီလျှင် မိုင် ၁၀၀ မှ ၁၅၀အထိ တိုက်ခတ်သွားခဲ့သည်။ မုန်တိုင်းကြောင့် မြင့်တက်လာသော ရေသည် ၁၂ ပေခန့်ရှိသည်။ လူဦးရေ နှစ်သိန်းနီးပါး အသက် ဆုံးရှုံးသွားခဲ့ပြီး လူ နှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လယ်ယာမြေမြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး မွေးမြူရေးလုပ်ငန်းများလည်း များစွာ ပျက်စီးခဲ့ရသည်။ မြန်မာပြည်တွင် နှစ်ပေါင်း ၁၀၀ ခန့်အတွင်း တစ်ခါမျှမကြုံဖူးသော သဘာဝဘေးအန္တရာယ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ နာဂစ်မုန်တိုင်းသည် ရှစ်ကြိမ်မြောက် သေကြေပျက်စီးမှု အများဆုံး မုန်တိုင်း ဖြစ်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်နှင့် အာရေဘီယမ်ပင်လယ်မှ ဖြစ်ပေါ်လာမည့် မုန်တိုင်းများအား World Meteorological Organizations (WMO)မှ အမည်များသတ်မှတ် ပေးထားပြီးဖြစ်သည်။ ၄င်းတို့မှာ နာဂစ်(Nargis)၊အဘီ (Abe)၊ ခိုင်မာလီ(Khaimle)၊ ချာပလာ(Chapala)အစရှိသည်တို့ဖြစ်သည်။ ၄င်းမုန်တိုင်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ခုတည်းသာမက မည်သည့် နိုင်ငံသို့မဆို ၀င်ရောက်တိုက် ခတ်နိုင်သည်ဟု အင်တာနက်တွင် ခန့်မှန်းဖော်ပြ ထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပထ၀ီမြေအနေ အထားအရ မုတ်သုန်ရာသီမတိုင်မီတွင် မုန်တိုင်းဒဏ်အခံရဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့သည်။
ဧပြီလ ၂၉ ရက်နေ့ထုတ် သတင်းစာတွင် မုန်တိုင်းကြိုတင်သတိပေးချက် ထည့်သွင်း ဖော်ပြခဲ့သော်လည်း တစ်ခါမျှမကြုံဖူးသော ပြည်သူများမှာ မုန်တိုင်း၏ အတိမ်အနက်ကို သတိမမူကြပေ။ ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများမှာ ၀မ်းရေးထက်ဘာကိုမျှ အလေးမထားနိုင်ရှာပေ။
မြန်မာတိုင်းမ် စာစောင်က နာဂစ် (Nargis) ၏အဓိပါယ်အား နူးညံ့သော ပန်းကလေးဟု ဖွင့်ဆိုထားသည်။ အိန္ဒိယနိုင်ငံတွင် (၁၉၂၉-၁၉၈၁) ခုနှစ်အတွင်း နာမည်ကြီးသော မင်းသမီး တစ်ယောက်၏ အမည်မှာလည်း နာဂစ် (Nargis) ဖြစ်သည်ဟု အင်တာနက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ပညာရှင်များက မည်သို့ပင် ခန့်မှန်းခဲ့စေကာမူ ဘ၀တစ်သက်တာ အတွက် မမေ့နိုင်စရာ အဖြစ်ဆိုးကြီးပင်ဖြစ်လေသည်။ နာရီပိုင်းအချိန်လေးအတွင်း လူနှင့် သက်ရှိသတ္တ၀ါမြောက်များစွာ၏ အသက်ကို ဇီဝိန်ချုပ်စေခဲ့ပြီး လူပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ကလေးငယ်များစွာ မိဘမဲ့လေးများဖြစ်ခဲ့ရသလို လယ်ယာမြေ ဧကပေါင်းများစွာနှင့် မွေးမြူရေးလုပ်ငန်းများ စွာပျက်စီး ခဲ့ရသည်။
မုန်တိုင်းဖြစ်ရသည့်အခြေခံ အကြောင်းရင်းတစ်ခုမှာ ကမ္ဘာပေါ်တွင် စက်မှုထွန်းကားလာသော နိုင်ငံများ များပြားလာရာမှ ကမ္ဘာကြီး ပူနွေးလာရသည်။ ထို့ကြောင့် မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းမှ ရေခဲများ အရည်ပျော်လည်း အရည်ပျော်ခဲ့ရသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မှာလည်း ပူးနွေးလာပြီး ဤကဲ့သို့ မုန်တိုင်းကြီးများ ဖြစ်ပေါ်လာရ သည်။

Wednesday, April 2, 2008

သတိရမိလေသော ဟိုတစ်ချိန် နွေဦးရာသီ

သတိရမိလေသော ဟိုတစ်ချိန် နွေဦးရာသီ
တစ်ချိန်က ကျွန်တော်တစ်ယောက် ကျွန်တော်တို့ရွာလေးနှင့် ၂-မိုင်နှင့် ၄-ဖာလုံခန့်ဝေးသော ရွာကလေးရှိ ခွဲဘက်အထက်တန်းကျောင်းတစ်ခုမှာ သွားရောက်ပညာသင်ခဲ့ရပါတယ်။ ကျောင်းနှင့် အရမ်းဝေးကွာသော ရွာကလေးတစ်ရွာမှ ခြေလျှင်လာရောက်ပညာသင်ကြားရသောကြောင့် ဆရာမများက ကျွန်တော့်ကို အရမ်း ချစ်ခင်လေးစားကြပါသည်။ ပညာကို ခက်ခက်ခဲခဲ လာရောက်သင်ယူသောကြောင့်ပင်----------။ ကျောင်းများ စဖွင့်တဲ့အချိန်များဆိုလျှင်တော်သေးသည်။ မှုန်တစ်ထောင်းထောင်းထနေသော လှည်းလမ်းမှ ကျောင်းသို့ ခြေလျှင်သွားရသည်မှာ ကျွန်တော့်အတွက် ထမင်းစားရေသောက်သလောက်ပင်။ ဒါပေမယ့် မိုးဦးရွာသီသို့ ရောက်ပြီဆိုလျှင်တော့ ကျွန်တော်တစ်ယောက် ကျောင်းသွားရမှာ အရမ်း လေးလံနေမိသည်။ အိမ်ကစထွက် ကတည်းက ဖိနပ်နှစ်ဖက်က လူကိုပြန်စီးခဲ့လေပြီ။ ဘောကန်ဘောင်းဘီတိုလေးဝတ်ပြီး ပုဆိုးကွင်းကို စလွယ်သိုင်းပြီး ကျောင်းသို့ သွားရသည်။ လယ်ကွင်းများကိုဖြတ်ပြီး ရွံ့နွံများတွင် ရုန်းကန်ယင်း ကျောင်းသို့ ရောက်ခဲ့လေပြီ။ ဒီတစ်ခါတော့ ကိုယ်က ဖိနပ်ကို ပြန်စီးခွင့်ရပြီပေါ့လေ။ ဆောင်းရာသီသို့ရောက်လျှင်တော့ မြူခိုးမြူမှုန်တွေကြားမှ ဖြတ်သွားရသည်ကိုပင် ကြည်နူးစရာကောင်းလှသည်။ ဝေးသည် နီးသည်မသိ။ ချမ်းသည် အေးသည်ကိုလည်း သတိမရနိုင်တော့ပါ။ ဆောင်းအကုန် နွေအကူး ရွက်ဟောင်းကြွေလို့ ရွက်သစ်လူးတဲ့ အချိန်ရောက်ရင်တော့ ရင်ထဲမှာ တလှပ်လှပ်နှင့်။ ဘယ်ကို မှန်းပြီး ဘယ်ကိုလွမ်းရလေမည်မသိ။ ရင်ထဲမှာ လည်း တစ်ခုခုဖြစ်နေပြီ။ ကျောင်းသို့သွားရာ လယ်ကွင်းပြင်များတစ်လျှောက် ရိုးပြတ်ခြောက်များသာ နေရာယူနေလေပေပြီ။ လက်ပံပွင်နီများလည်း အားမတန်လို့ မာန်လျော့ကာ တဖြုတ်ဖြုတ်ကြွေကျနေလေရဲ့။ ပေါက်ပင်များကလည်း အပြိုင်းအရိုင်းပွင့်နေလေရှာရဲ့။ ဥသြငှက်ကလေးကလည်း ဥသြ.....ဥသြဟု တစာစာဟစ်ကြွေးကာ ခွဲခွါရမည့်အချိန်ကို အချက်ပေးနေသလိုပင်.......။ ဒီအချိန်သည် ကျွန်တော်တို့ သူငယ်ချင်းတစ်တွေအတွက် တစ်ဘ၀တာလည်းဖြစ်နိုင်သလို...တစ်ခဏတာလည်းဖြစ်နိုင်ပြီး......နှစ်ပေါင်းများစွာလည်း ခွဲခွါရပေဦးမည်။ မည်သူတစ်ဦးတစ်ယောက်မျှ မလွန်ဆန်နိုင်သော တွေ့ဆုံ ကြုံကွဲ သင်ခါရတရားပင်.......။ တကယ့်ကို ရင်မောစေခဲ့သလို ခုအချိန်ထိလည်း ပြန်မတွေ့ဖြစ်တဲ့ သူငယ်ချင်း မျောက်များစွာရှိသည်။ သူငယ်ချင်းများကိုလည်း တမ်းတမ်းတတ သတိရနေပေမယ့် ဘယ်ဆီ ဘယ်နေရာတွေ ရောက်နေကြသည်မသိပေ။ သြော်............ဆယ်စုနှစ်တစ်ခုတောင် ကျော်ခဲ့ပြီဘဲနော်...............

Tuesday, February 5, 2008

“မုန်းချောင်းနံဘေး ဧရာဝတီမှာရေးတဲ့သစ္စာ“

အမေက ကျွန်တော့်ကို ဧရာဝတီမြစ်ကြီးနဲ့ မလှမ်းမကမ်း မုန်းချောင်းနံဘေး ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော် တစ်ယောက်တည်းမို့ အမေ့အပေါ်ရော အဖေ့အပေါ်ပါ အလိုလိုက် အမိုက်စော်ကား ဆိုးမိုက်တဲ့သားတစ်ယောက်ဖြစ်ခဲ့ ပါတယ်။ အမေ့ အသက်အရွယ်ထောက်တော့မှ အသိစိတ် အနည်းငယ်ဝင်ပြီး အမေ့ကို လုပ်ကျွေးပြုစုခဲ့ရပေမယ့် အချိန်ကာလ အင်မတန် တိုတောင်းခဲ့ပါတယ်။ အမေ့ကျေးဇူးကို ဆံချည်တမျှင်စာမျှ ကျေအောင်မဆပ်နိုင်သေးခင် အမေဟာ လူ့ဘ၀ကို စွန့်ခွါသွားခဲ့ပါတယ်။ ယူကြုံးမရ နောင်တများစွာထွေးပိုက်ရင်း ကျွန်တော့်ရင်တွေ ကျွမ်းမြိုက်ပူလောင်ခဲ့ရပါတယ်။ အမေ့ကျေးဇူးတွေကို အဖန်ဖန်အောက်မေ့ရင်း ရင်ထုမနာဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာခံစားရသမျှကို ကြိုးစားပြီး အမေ့ကို ရည်မှန်းပြီး ကဗျာမှတ်တမ်းတစ်ပုဒ်အဖြစ် ရေးသားခဲ့ပါတယ်။ သည်ကဗျာကို ဖတ်မိလေတိုင်း မျက်ရည်အခါခါဝဲခဲ့ရပါတယ်။ ကျွန်တော့်ကဗျာကို မျှဝေခံစား ဖတ်မိသူများလည်း အမေ့မေတ္တာတရားတွေကို အပြည့်အ၀နားလည်ပြီး အမေ့ကျေးဇူးကို တတ်နိုင်သမျှ ဆပ်နိုင်ကြပါစေလို့---------------
“အမေသိပါစေ”
နွေမျက်ရည်ဝေ၊ အမေပျက်ကြွေ
သက်ကြွေခန္ဓာ၊ ကံကြမ္မာလား
သနားမဲ့စွာ၊ ထားခဲ့ပါပြီ။
သည်တစ်နွေသည်၊ ဝေသီမျက်ရည်
အလွမ်းတွေနှင့်၊ ကျွမ်းစေသင့်ခဲ့။
သည်တစ်နွေဦး၊ မျက်ရည်အိုင်လူး
ပုရစ်ဖူးကြွေ၊ တစ်နှစ်ကူးစေခဲ့။
သည်တစ်နွေတွင်၊ ပူပင်ကျွမ်းမြိုက်
ရင်၌ကြေကွဲ၊ အမေခွဲခွါ
ခြားကမ္ဘာသို့၊ မျက်ရည်စို့အောင်
နင့်သည်းနှောင်ခဲ့……………..။
သည်နွေရောက်တိုင်း၊ ရင်လှိုင်းတို့ထန်
အဖန်ဖန်တွေး၊ မျှော်ငေးမှန်းဆ
တမ်းတမဆုံး၊ အမေ့အပြုံးတွေ
ခုနေခါများ၊ အနားမှာလေ
အမေရှိနေက၊ သြော်ကောင်းစွဟု
ရင်ထုမနာ၊ ကြေကွဲကာဖြင့်
ဆယ်ဖြာလက်မိုး၊ ကျွန်ရှစ်ခိုးမိ
တမလွန်မှလေ၊ အမေသိပါစေ……………..။
“မြင့်မိုရ်တောင်ဦး မကကျူးသော အမေ့မေတ္တာအား အမှတ်တရ”
အဖော်မဲ့ဘ၀နဲ့
မပျော်တဲ့ညတွေ ဖြတ်သန်းရင်း
မှတ်တမ်းထဲကသီချင်းတွေသီကုံး
ဘ၀သံသရာတစ်လျှောက်လုံးမှာလည်း
အလှကံကြမ္မာ ပျောက်သုဉ်းခဲ့ပါပြီလေ…………..။
အမေ့အားရည်မှန်း
ကန်တော့ပန်းဆင်
ကဗျာကျမ်းတော့ တင်ခွင့်ပြုပါအမေ……………
ငါ့သားရယ်
မင်းကိုမွေးတုန်းကဆို
သားဦးရတနာ၊ ရွာမှာဆိုစိတ်မချလို့
မြို့ဆေးရုံကိုတက်၊ အသက်ကိုငဲ့
သားအတွက်ငွေမနှမြော
သားဇောနဲ့သောကတွေပွား
လွယ်လွယ်ကူကူနဲ့ ဖွားနိုင်ပါ့မလား
သား အရေး
အားမွေးခဲ့လိုက်ရတာတဲ့……………..။
အချိန်တန်လူလားမြောက်
သားတစ်ယောက်ကို မြှောက်စားလိုက်ရတာ
ငါ့သားများကြီးယင်လေ…
သားအတွက်မမောစတမ်း
အမွှမ်းတင်ခန်းဖွင့်
မျှော်လင့်ချက်အပြည့်နဲ့လေ……………။
ငါ့သားလေးဂုဏ်မငယ်စေဖို့
အရွယ်ရောက်တော့ ပညာသင်
ငါ့သားလှလိုသမျှ
ကိုယ်ကဖြည့်ဆည်းပေးရမှာ
သားရတနာထွန်းတောက်ဖို့
ဒို့နှစ်ယောက်ဟာ အားလို့
တီးတိုးစကားနဲ့ အဖေ့ကိုပြော
သားကိုချစ်တဲ့ မနောတွေလေ………..။
သားလှရတနာမို့
သာသနဒါယဇ္ဇအမွေခံ
လှူချိန်တန်ပြန်တော့
သားတစ်ယောက်မို့
ဖွားမြောက်ခဲ့တို့မှာ
သားရတနာ မျက်နှာမငယ်ရအောင်
ရှင်သာမဏေဘောင်သွတ်သွင်း
ပြင်းပြတဲ့သဒ္ဓါနဲ့
ထည်ထည်ဝါ၀ါလှူချင်ပါသတဲ့
ညဥ့်ယံနက်နက်မှာ
ရှိုက်သံသဲ့သဲ့နဲ့ဆို
အဖေ့ကိုရင်ဖွင့်ရင်း
အမေ့မေတ္တာကို ထွင်းပြခဲ့တာ……….။
သားမချိတာ
သားသိပါတယ် အမေရယ်
သာသနဒါယဇ္ဇ အမွေခံပြီးမှာတော့
ကံကြမ္မာရဲ့ ရက်စက်ခြင်း
လောကဓံရဲ့ ရိုက်ခတ်ချက်တွေအောက်
ကျွန်တော်တို့သားအမိသုံးယောက်အဖြစ်ဟာ
လှေလှော်ရင်းတက်ကျိုး
ရင်နင့်စရာ အဖြစ်ဆိုးချည်းပါဘဲလေ……..။
မလိမ္မာတစ်ခါလိုက်တဲ့
သားမိုက်ခဲ့တဲ့ဒဏ်ကို
အမေ ရင်စီးခံခဲ့ရတယ်နော်…
ဆိုးမိုက်ခဲ့တဲ့သားနဲ့
ရိုးလိုက်တဲ့ ယောင်္ကျားအပေါ်
အဖော် မာတာပီသစွာနဲ့
ယာထဲကိုင်းထဲအငှားလိုက်
ချွေးမြိုက်မြိုက်ကျတဲ့အထိ
မချိအောင်ပင်ပန်း
နေပူထဲမှာ အမေလှမ်းခဲ့ရတယ်…………..။
ကာလတနံတလျား
အမေ့အသားအရေဖျော့တော့
အမေ့အားတွေပျော့တော့မှ
သားမိုက်ကအသိဝင်
အလုပ်ခွင်မရွေး
အမေ့ကိုလုပ်ကျွေးတော့
တောက်ပလိုက်တဲ့အမေ့အပြုံး
နှလုံးမှာအေးမြ သိပ်ကိုချမ်းမြေ့ခဲ့ရပါတယ်………။
ဒီလိုနဲ့
ဆယ်တန်းဆိုတဲ့ခရီးမှာ
တဘုန်းဘုန်းလဲကျယင်း
အလွမ်းသီချင်းတွေကျွန်တော်ဆို
ဘ၀အတွက်ရုန်းကန်ယင်း
အလိုလိုစိတ်ဓါတ်တွေကျလုဆဲ
အသည်းထဲကထွက်လာတဲ့ အမေ့စကား
အမေ့မျက်ဝန်းကအားနဲ့
သားလက်ကို တင်းတင်းဆုပ်
“ကံကြမ္မာဆိုတာ လူလုပ်တာပါတဲ့”
ဒီမယ်ငါ့သား
လူဆိုတာ (ငါ့သားရယ်)
အညွန့်တလူလူနဲ့မို့ လူ လို့ခေါ်တယ်
ဘာအားပျက်စရာရှိလည်း
အသက်ကြီးတဲ့အမေတောင် အားမလျော့
ငါ့သား အားမလျော့နဲ့
ရှေ့ဆက်ရင်ဆိုင်ယင်
ပန်းတိုင်ဝင်ရမှာပေါ့တဲ့…………..။
အမေ့အားပေးစကားနဲ့
ကျွန်တော် ရှေ့ကသွားယင်း
ပန်းတိုင်မ၀င်သေးပေမယ့်
ပန်းတိုင်မြင်လိုက်ရတယ် အမေ…..
အမေ့ခါးမှာတော့
အဖာဗရပျစ်လုံချည်
သားဆီက စာမလာတော့
တိတ်တိတ်လေး မျက်ရည်တွေကျ
ငါ့သားဘ၀ အဆင်ပြေယင်
အမေ့ရင်မှာချမ်းမြေ့ပါသတဲ့………။
တစ်ခါက
ကျွန်တော့အလုပ်ကို
အမေလိုက်လာတော့
ဘာလို့လာတာလဲ အမေလို့
မိုက်မဲစွာကျွန်တော်မေးတော့
“လွမ်းလို့ပေါ့ သားရယ်တဲ့”………….
အမေ့မျက်ဝန်းကမျက်ရည်မြင်ရ
ရင်ထဲက မချိပါဘူး အမေ…………။
အမေ ကျွန်တော့ကို စိတ်ချနော်လို့ ပြောတော့
အမေ မျက်ရည်ဝဲရင်း
ခေါင်းမခါ ခေါင်းမညိတ်
အမေ့ရင်ထဲ ကြိတ်ပြီးရှိုက်သံ
ရင်ထဲကို ထိမှန်ခဲ့ပါတယ် အမေ……………။
အမှတ်တမဲ့ပါဘဲ
ဖုန်းလာတယ်ဆိုတဲ့အသံကြားတော့
လေလှိုင်းထဲက ချောက်ခြားတဲ့ဦးလေးအသံ
မင်းအမေ အသည်းအသန်ဖြစ်လို့
ကျွန်တော့်ရင်ထဲမှာဆို့နင့်
ကျွန်တော် မမျှော်လင့်ချင်တဲ့နေ့ ရောက်ပါပေါ့လေ………….။
အဲဒီလိုနဲ့
ရရာကားကိုစီးရင်း
လမ်းတစ်လျှောက်မှာလည်း
အမေ့မေတ္တာတွေကို တွေးယင်း
ကတုန်ကရီနဲ့ဖုန်းပြောတဲ့ ဦးလေးအသံ
ကြားပြန်ရင်းကြေကွဲ
တစ်ညလုံးလဲ မိုးလင်းခဲ့ရပါတယ်။
ရွာအ၀င်မှာတော့
သူငယ်ချင်းရဲ့စကား
မင်းအမေဆုံးသွားပြီဆိုတဲ့ အသံ
ကမ္ဘာပျက်သံပါဘဲ အမေ…………..
ဟာကွာလို့ လှိုက်ဆို
ရှိုက်ငိုယင်းအပြေးသွား
အမေ့အနားကိုရောက်တော့
ကျွန်တော် နောက်ကျခဲ့ပါပေါ့လား အမေရယ်….
ငြိမ်သက်စွာ လဲလျောင်းနေတဲ့
အမေ့ခန္ဓာကို ကြည့်ယင်း
ရင်တွင်းက ယူကြုံးမရ
ဒီဘ၀တော့ သွားပြီးပေါ့ အမေရယ်………။
ကျွန်တော်ဘယ်လိုဖြေမလဲ
ကျွန်တော်ဘယ်လိုနေမလဲ
မင်းသားရောက်လာပြီလေ ဆိုတဲ့
ရိုးစင်းတဲ့အဖေ့အသံ
တကယ့်ကို ကြေကွဲစရာ
ရင်နာစရာ အမေ့ဇာတ်သိမ်း
အစိမ်းကားဆုံးအလွမ်းတွေနဲ့
အမေရယ် အဖေနဲ့ ကျွန်တော့ကြား
ကန့်လန့်ကာခြားခဲ့ပြီနော်………….
အမေ့ခန္ဓာမြေချတော့
ဝေကျလာတဲ့ မျက်ရည်စနဲ့
နောင်ဘ၀ဆိုတာ ရှိခဲ့ယင်
ဘုရားတပည့်တော်၏မိခင်ကို
သား တာဝန်ကျေပွန်စွာနဲ့
ထာဝရလုပ်ကျွေး ကျေးဇူးဆပ်ပါရစေဘုရား လို့
နှလုံးသားက ဆုချွေ
တမလွန်မှ အမေသိပါစေလေ………………။
(၂၀-၄-၂၀၀၁) နေ့တွင် တမလွန်ဘ၀သို့ ကူးပြောင်းသွားသော အစ်ကိုကြီးနန်းသွေး၏ အမေအား အမှတ်တရ ဂါရ၀ပြုလျှက်)