Wednesday, April 2, 2008

သတိရမိလေသော ဟိုတစ်ချိန် နွေဦးရာသီ

သတိရမိလေသော ဟိုတစ်ချိန် နွေဦးရာသီ
တစ်ချိန်က ကျွန်တော်တစ်ယောက် ကျွန်တော်တို့ရွာလေးနှင့် ၂-မိုင်နှင့် ၄-ဖာလုံခန့်ဝေးသော ရွာကလေးရှိ ခွဲဘက်အထက်တန်းကျောင်းတစ်ခုမှာ သွားရောက်ပညာသင်ခဲ့ရပါတယ်။ ကျောင်းနှင့် အရမ်းဝေးကွာသော ရွာကလေးတစ်ရွာမှ ခြေလျှင်လာရောက်ပညာသင်ကြားရသောကြောင့် ဆရာမများက ကျွန်တော့်ကို အရမ်း ချစ်ခင်လေးစားကြပါသည်။ ပညာကို ခက်ခက်ခဲခဲ လာရောက်သင်ယူသောကြောင့်ပင်----------။ ကျောင်းများ စဖွင့်တဲ့အချိန်များဆိုလျှင်တော်သေးသည်။ မှုန်တစ်ထောင်းထောင်းထနေသော လှည်းလမ်းမှ ကျောင်းသို့ ခြေလျှင်သွားရသည်မှာ ကျွန်တော့်အတွက် ထမင်းစားရေသောက်သလောက်ပင်။ ဒါပေမယ့် မိုးဦးရွာသီသို့ ရောက်ပြီဆိုလျှင်တော့ ကျွန်တော်တစ်ယောက် ကျောင်းသွားရမှာ အရမ်း လေးလံနေမိသည်။ အိမ်ကစထွက် ကတည်းက ဖိနပ်နှစ်ဖက်က လူကိုပြန်စီးခဲ့လေပြီ။ ဘောကန်ဘောင်းဘီတိုလေးဝတ်ပြီး ပုဆိုးကွင်းကို စလွယ်သိုင်းပြီး ကျောင်းသို့ သွားရသည်။ လယ်ကွင်းများကိုဖြတ်ပြီး ရွံ့နွံများတွင် ရုန်းကန်ယင်း ကျောင်းသို့ ရောက်ခဲ့လေပြီ။ ဒီတစ်ခါတော့ ကိုယ်က ဖိနပ်ကို ပြန်စီးခွင့်ရပြီပေါ့လေ။ ဆောင်းရာသီသို့ရောက်လျှင်တော့ မြူခိုးမြူမှုန်တွေကြားမှ ဖြတ်သွားရသည်ကိုပင် ကြည်နူးစရာကောင်းလှသည်။ ဝေးသည် နီးသည်မသိ။ ချမ်းသည် အေးသည်ကိုလည်း သတိမရနိုင်တော့ပါ။ ဆောင်းအကုန် နွေအကူး ရွက်ဟောင်းကြွေလို့ ရွက်သစ်လူးတဲ့ အချိန်ရောက်ရင်တော့ ရင်ထဲမှာ တလှပ်လှပ်နှင့်။ ဘယ်ကို မှန်းပြီး ဘယ်ကိုလွမ်းရလေမည်မသိ။ ရင်ထဲမှာ လည်း တစ်ခုခုဖြစ်နေပြီ။ ကျောင်းသို့သွားရာ လယ်ကွင်းပြင်များတစ်လျှောက် ရိုးပြတ်ခြောက်များသာ နေရာယူနေလေပေပြီ။ လက်ပံပွင်နီများလည်း အားမတန်လို့ မာန်လျော့ကာ တဖြုတ်ဖြုတ်ကြွေကျနေလေရဲ့။ ပေါက်ပင်များကလည်း အပြိုင်းအရိုင်းပွင့်နေလေရှာရဲ့။ ဥသြငှက်ကလေးကလည်း ဥသြ.....ဥသြဟု တစာစာဟစ်ကြွေးကာ ခွဲခွါရမည့်အချိန်ကို အချက်ပေးနေသလိုပင်.......။ ဒီအချိန်သည် ကျွန်တော်တို့ သူငယ်ချင်းတစ်တွေအတွက် တစ်ဘ၀တာလည်းဖြစ်နိုင်သလို...တစ်ခဏတာလည်းဖြစ်နိုင်ပြီး......နှစ်ပေါင်းများစွာလည်း ခွဲခွါရပေဦးမည်။ မည်သူတစ်ဦးတစ်ယောက်မျှ မလွန်ဆန်နိုင်သော တွေ့ဆုံ ကြုံကွဲ သင်ခါရတရားပင်.......။ တကယ့်ကို ရင်မောစေခဲ့သလို ခုအချိန်ထိလည်း ပြန်မတွေ့ဖြစ်တဲ့ သူငယ်ချင်း မျောက်များစွာရှိသည်။ သူငယ်ချင်းများကိုလည်း တမ်းတမ်းတတ သတိရနေပေမယ့် ဘယ်ဆီ ဘယ်နေရာတွေ ရောက်နေကြသည်မသိပေ။ သြော်............ဆယ်စုနှစ်တစ်ခုတောင် ကျော်ခဲ့ပြီဘဲနော်...............

Tuesday, February 5, 2008

“မုန်းချောင်းနံဘေး ဧရာဝတီမှာရေးတဲ့သစ္စာ“

အမေက ကျွန်တော့်ကို ဧရာဝတီမြစ်ကြီးနဲ့ မလှမ်းမကမ်း မုန်းချောင်းနံဘေး ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော် တစ်ယောက်တည်းမို့ အမေ့အပေါ်ရော အဖေ့အပေါ်ပါ အလိုလိုက် အမိုက်စော်ကား ဆိုးမိုက်တဲ့သားတစ်ယောက်ဖြစ်ခဲ့ ပါတယ်။ အမေ့ အသက်အရွယ်ထောက်တော့မှ အသိစိတ် အနည်းငယ်ဝင်ပြီး အမေ့ကို လုပ်ကျွေးပြုစုခဲ့ရပေမယ့် အချိန်ကာလ အင်မတန် တိုတောင်းခဲ့ပါတယ်။ အမေ့ကျေးဇူးကို ဆံချည်တမျှင်စာမျှ ကျေအောင်မဆပ်နိုင်သေးခင် အမေဟာ လူ့ဘ၀ကို စွန့်ခွါသွားခဲ့ပါတယ်။ ယူကြုံးမရ နောင်တများစွာထွေးပိုက်ရင်း ကျွန်တော့်ရင်တွေ ကျွမ်းမြိုက်ပူလောင်ခဲ့ရပါတယ်။ အမေ့ကျေးဇူးတွေကို အဖန်ဖန်အောက်မေ့ရင်း ရင်ထုမနာဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာခံစားရသမျှကို ကြိုးစားပြီး အမေ့ကို ရည်မှန်းပြီး ကဗျာမှတ်တမ်းတစ်ပုဒ်အဖြစ် ရေးသားခဲ့ပါတယ်။ သည်ကဗျာကို ဖတ်မိလေတိုင်း မျက်ရည်အခါခါဝဲခဲ့ရပါတယ်။ ကျွန်တော့်ကဗျာကို မျှဝေခံစား ဖတ်မိသူများလည်း အမေ့မေတ္တာတရားတွေကို အပြည့်အ၀နားလည်ပြီး အမေ့ကျေးဇူးကို တတ်နိုင်သမျှ ဆပ်နိုင်ကြပါစေလို့---------------
“အမေသိပါစေ”
နွေမျက်ရည်ဝေ၊ အမေပျက်ကြွေ
သက်ကြွေခန္ဓာ၊ ကံကြမ္မာလား
သနားမဲ့စွာ၊ ထားခဲ့ပါပြီ။
သည်တစ်နွေသည်၊ ဝေသီမျက်ရည်
အလွမ်းတွေနှင့်၊ ကျွမ်းစေသင့်ခဲ့။
သည်တစ်နွေဦး၊ မျက်ရည်အိုင်လူး
ပုရစ်ဖူးကြွေ၊ တစ်နှစ်ကူးစေခဲ့။
သည်တစ်နွေတွင်၊ ပူပင်ကျွမ်းမြိုက်
ရင်၌ကြေကွဲ၊ အမေခွဲခွါ
ခြားကမ္ဘာသို့၊ မျက်ရည်စို့အောင်
နင့်သည်းနှောင်ခဲ့……………..။
သည်နွေရောက်တိုင်း၊ ရင်လှိုင်းတို့ထန်
အဖန်ဖန်တွေး၊ မျှော်ငေးမှန်းဆ
တမ်းတမဆုံး၊ အမေ့အပြုံးတွေ
ခုနေခါများ၊ အနားမှာလေ
အမေရှိနေက၊ သြော်ကောင်းစွဟု
ရင်ထုမနာ၊ ကြေကွဲကာဖြင့်
ဆယ်ဖြာလက်မိုး၊ ကျွန်ရှစ်ခိုးမိ
တမလွန်မှလေ၊ အမေသိပါစေ……………..။
“မြင့်မိုရ်တောင်ဦး မကကျူးသော အမေ့မေတ္တာအား အမှတ်တရ”
အဖော်မဲ့ဘ၀နဲ့
မပျော်တဲ့ညတွေ ဖြတ်သန်းရင်း
မှတ်တမ်းထဲကသီချင်းတွေသီကုံး
ဘ၀သံသရာတစ်လျှောက်လုံးမှာလည်း
အလှကံကြမ္မာ ပျောက်သုဉ်းခဲ့ပါပြီလေ…………..။
အမေ့အားရည်မှန်း
ကန်တော့ပန်းဆင်
ကဗျာကျမ်းတော့ တင်ခွင့်ပြုပါအမေ……………
ငါ့သားရယ်
မင်းကိုမွေးတုန်းကဆို
သားဦးရတနာ၊ ရွာမှာဆိုစိတ်မချလို့
မြို့ဆေးရုံကိုတက်၊ အသက်ကိုငဲ့
သားအတွက်ငွေမနှမြော
သားဇောနဲ့သောကတွေပွား
လွယ်လွယ်ကူကူနဲ့ ဖွားနိုင်ပါ့မလား
သား အရေး
အားမွေးခဲ့လိုက်ရတာတဲ့……………..။
အချိန်တန်လူလားမြောက်
သားတစ်ယောက်ကို မြှောက်စားလိုက်ရတာ
ငါ့သားများကြီးယင်လေ…
သားအတွက်မမောစတမ်း
အမွှမ်းတင်ခန်းဖွင့်
မျှော်လင့်ချက်အပြည့်နဲ့လေ……………။
ငါ့သားလေးဂုဏ်မငယ်စေဖို့
အရွယ်ရောက်တော့ ပညာသင်
ငါ့သားလှလိုသမျှ
ကိုယ်ကဖြည့်ဆည်းပေးရမှာ
သားရတနာထွန်းတောက်ဖို့
ဒို့နှစ်ယောက်ဟာ အားလို့
တီးတိုးစကားနဲ့ အဖေ့ကိုပြော
သားကိုချစ်တဲ့ မနောတွေလေ………..။
သားလှရတနာမို့
သာသနဒါယဇ္ဇအမွေခံ
လှူချိန်တန်ပြန်တော့
သားတစ်ယောက်မို့
ဖွားမြောက်ခဲ့တို့မှာ
သားရတနာ မျက်နှာမငယ်ရအောင်
ရှင်သာမဏေဘောင်သွတ်သွင်း
ပြင်းပြတဲ့သဒ္ဓါနဲ့
ထည်ထည်ဝါ၀ါလှူချင်ပါသတဲ့
ညဥ့်ယံနက်နက်မှာ
ရှိုက်သံသဲ့သဲ့နဲ့ဆို
အဖေ့ကိုရင်ဖွင့်ရင်း
အမေ့မေတ္တာကို ထွင်းပြခဲ့တာ……….။
သားမချိတာ
သားသိပါတယ် အမေရယ်
သာသနဒါယဇ္ဇ အမွေခံပြီးမှာတော့
ကံကြမ္မာရဲ့ ရက်စက်ခြင်း
လောကဓံရဲ့ ရိုက်ခတ်ချက်တွေအောက်
ကျွန်တော်တို့သားအမိသုံးယောက်အဖြစ်ဟာ
လှေလှော်ရင်းတက်ကျိုး
ရင်နင့်စရာ အဖြစ်ဆိုးချည်းပါဘဲလေ……..။
မလိမ္မာတစ်ခါလိုက်တဲ့
သားမိုက်ခဲ့တဲ့ဒဏ်ကို
အမေ ရင်စီးခံခဲ့ရတယ်နော်…
ဆိုးမိုက်ခဲ့တဲ့သားနဲ့
ရိုးလိုက်တဲ့ ယောင်္ကျားအပေါ်
အဖော် မာတာပီသစွာနဲ့
ယာထဲကိုင်းထဲအငှားလိုက်
ချွေးမြိုက်မြိုက်ကျတဲ့အထိ
မချိအောင်ပင်ပန်း
နေပူထဲမှာ အမေလှမ်းခဲ့ရတယ်…………..။
ကာလတနံတလျား
အမေ့အသားအရေဖျော့တော့
အမေ့အားတွေပျော့တော့မှ
သားမိုက်ကအသိဝင်
အလုပ်ခွင်မရွေး
အမေ့ကိုလုပ်ကျွေးတော့
တောက်ပလိုက်တဲ့အမေ့အပြုံး
နှလုံးမှာအေးမြ သိပ်ကိုချမ်းမြေ့ခဲ့ရပါတယ်………။
ဒီလိုနဲ့
ဆယ်တန်းဆိုတဲ့ခရီးမှာ
တဘုန်းဘုန်းလဲကျယင်း
အလွမ်းသီချင်းတွေကျွန်တော်ဆို
ဘ၀အတွက်ရုန်းကန်ယင်း
အလိုလိုစိတ်ဓါတ်တွေကျလုဆဲ
အသည်းထဲကထွက်လာတဲ့ အမေ့စကား
အမေ့မျက်ဝန်းကအားနဲ့
သားလက်ကို တင်းတင်းဆုပ်
“ကံကြမ္မာဆိုတာ လူလုပ်တာပါတဲ့”
ဒီမယ်ငါ့သား
လူဆိုတာ (ငါ့သားရယ်)
အညွန့်တလူလူနဲ့မို့ လူ လို့ခေါ်တယ်
ဘာအားပျက်စရာရှိလည်း
အသက်ကြီးတဲ့အမေတောင် အားမလျော့
ငါ့သား အားမလျော့နဲ့
ရှေ့ဆက်ရင်ဆိုင်ယင်
ပန်းတိုင်ဝင်ရမှာပေါ့တဲ့…………..။
အမေ့အားပေးစကားနဲ့
ကျွန်တော် ရှေ့ကသွားယင်း
ပန်းတိုင်မ၀င်သေးပေမယ့်
ပန်းတိုင်မြင်လိုက်ရတယ် အမေ…..
အမေ့ခါးမှာတော့
အဖာဗရပျစ်လုံချည်
သားဆီက စာမလာတော့
တိတ်တိတ်လေး မျက်ရည်တွေကျ
ငါ့သားဘ၀ အဆင်ပြေယင်
အမေ့ရင်မှာချမ်းမြေ့ပါသတဲ့………။
တစ်ခါက
ကျွန်တော့အလုပ်ကို
အမေလိုက်လာတော့
ဘာလို့လာတာလဲ အမေလို့
မိုက်မဲစွာကျွန်တော်မေးတော့
“လွမ်းလို့ပေါ့ သားရယ်တဲ့”………….
အမေ့မျက်ဝန်းကမျက်ရည်မြင်ရ
ရင်ထဲက မချိပါဘူး အမေ…………။
အမေ ကျွန်တော့ကို စိတ်ချနော်လို့ ပြောတော့
အမေ မျက်ရည်ဝဲရင်း
ခေါင်းမခါ ခေါင်းမညိတ်
အမေ့ရင်ထဲ ကြိတ်ပြီးရှိုက်သံ
ရင်ထဲကို ထိမှန်ခဲ့ပါတယ် အမေ……………။
အမှတ်တမဲ့ပါဘဲ
ဖုန်းလာတယ်ဆိုတဲ့အသံကြားတော့
လေလှိုင်းထဲက ချောက်ခြားတဲ့ဦးလေးအသံ
မင်းအမေ အသည်းအသန်ဖြစ်လို့
ကျွန်တော့်ရင်ထဲမှာဆို့နင့်
ကျွန်တော် မမျှော်လင့်ချင်တဲ့နေ့ ရောက်ပါပေါ့လေ………….။
အဲဒီလိုနဲ့
ရရာကားကိုစီးရင်း
လမ်းတစ်လျှောက်မှာလည်း
အမေ့မေတ္တာတွေကို တွေးယင်း
ကတုန်ကရီနဲ့ဖုန်းပြောတဲ့ ဦးလေးအသံ
ကြားပြန်ရင်းကြေကွဲ
တစ်ညလုံးလဲ မိုးလင်းခဲ့ရပါတယ်။
ရွာအ၀င်မှာတော့
သူငယ်ချင်းရဲ့စကား
မင်းအမေဆုံးသွားပြီဆိုတဲ့ အသံ
ကမ္ဘာပျက်သံပါဘဲ အမေ…………..
ဟာကွာလို့ လှိုက်ဆို
ရှိုက်ငိုယင်းအပြေးသွား
အမေ့အနားကိုရောက်တော့
ကျွန်တော် နောက်ကျခဲ့ပါပေါ့လား အမေရယ်….
ငြိမ်သက်စွာ လဲလျောင်းနေတဲ့
အမေ့ခန္ဓာကို ကြည့်ယင်း
ရင်တွင်းက ယူကြုံးမရ
ဒီဘ၀တော့ သွားပြီးပေါ့ အမေရယ်………။
ကျွန်တော်ဘယ်လိုဖြေမလဲ
ကျွန်တော်ဘယ်လိုနေမလဲ
မင်းသားရောက်လာပြီလေ ဆိုတဲ့
ရိုးစင်းတဲ့အဖေ့အသံ
တကယ့်ကို ကြေကွဲစရာ
ရင်နာစရာ အမေ့ဇာတ်သိမ်း
အစိမ်းကားဆုံးအလွမ်းတွေနဲ့
အမေရယ် အဖေနဲ့ ကျွန်တော့ကြား
ကန့်လန့်ကာခြားခဲ့ပြီနော်………….
အမေ့ခန္ဓာမြေချတော့
ဝေကျလာတဲ့ မျက်ရည်စနဲ့
နောင်ဘ၀ဆိုတာ ရှိခဲ့ယင်
ဘုရားတပည့်တော်၏မိခင်ကို
သား တာဝန်ကျေပွန်စွာနဲ့
ထာဝရလုပ်ကျွေး ကျေးဇူးဆပ်ပါရစေဘုရား လို့
နှလုံးသားက ဆုချွေ
တမလွန်မှ အမေသိပါစေလေ………………။
(၂၀-၄-၂၀၀၁) နေ့တွင် တမလွန်ဘ၀သို့ ကူးပြောင်းသွားသော အစ်ကိုကြီးနန်းသွေး၏ အမေအား အမှတ်တရ ဂါရ၀ပြုလျှက်)

Sunday, January 27, 2008

“တစ်ခေါက်တစ်ခါ အရောက်လာစမ်းစေချင်သည် စန္ဒကူးနံ့သာကျောင်းတော်ရာသို့”

မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌ ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌ ခြေတော်ရာ နှစ်ဆူ (ယခုရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထို့ကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက်လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍ အကျိုးထူးမည်) ဟူသော သမိုင်းဆောင်ပုဒ် တွင်နေခြင်းဖြစ်သည်။
မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့် နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန် ကျောင်းတော်ရာဘုရားသို့ အရောက်ဖူးသင့်ပါ သည်။
မင်းဘူးမှ မြောက်သို့(၁၉မိုင်) ဘုရားအထိ ကတ္တရာလမ်းဖြစ်သည်။ မကွေး-မင်းဘူး မြစ်ကူးတံတားကြီးနှင့် မန်းချောင်းတံတားမှနေ၍ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာမှုလွယ်ကူချောမောပါသည်။ ဘုရား၌ စားသောက်ဆိုင် များနှင့် တည်းခိုရိပ်သာများ ရှိပါသည်။
ကျောင်းတော်ရာဘုရား၌ ကြည်ညိုလေ့လာရန်
၁။ မြတ်စွာဘုရား တရားဟောတော်မူရာ ပလ္လင်တော်နေရာ စေတီတော်မြတ်ကြီး၊
၂။ စန္ဒကူးနံ့သာ ကျောင်းတော်၏ ဒေါင့်လေးဒေါင့် စေတီဘုရားလေးဆူ၊
၃။ အဓိဌာန်တန်ခိုးကြီးမားတော်မူသော မဟာပုဏ္ဏ ရဟန္တာ အရှင်မြတ်၏ မူလကျောင်းတော်ရာ အဓိဌာန် ဂူဘုရားစေတီနှင့် ဓါတ်တော်စေတီ။
၎။ ၀ါတွင်းကာလ၌ ၀ါထပ်ရက်ငင်ကိုသိ၍ ဘုရားဖူးရောက်လာသော အသက်လွတ်စား ဘုရားဖူးငါးများ၏ ပုံတူရုပ်ထုများနေရာနှင့် ၀ါတွင်းကာလ ငါးများလာရောက်၍ ဥပုသ်သီတင်းဆောက်တည်ရာ မုန်းချောင်းကမ်းပါး ငါးကျွေးဆိပ်နေရာ။
၅။ ဘုရားဗျာဒိတ်ရ မဏိစည်သူမင်းမြတ်သည် ကျေးဇူးသိသောအားဖြင့် တည်ထားအပ်သော သိကြားမင်း ဂူတော်။
၆။ မဏိစည်သူမင်းမြတ်၏ ဖောင်တော်ဆိုက်ရာ ဖောင်တော်ဦးဘုရား။
၇။ ဘုရားဖူးဧည့်သည်များ တည်းခိုရန် ဘုရားဖူးဇရပ်တန်းများ၊ ညအိပ်ဆောင်များ။
၈။ မဟာဗောဓိပင် သတ္တဌာနဘုရား(၇)ဆူနှင့် စန္ဒကူးနံ့သာပင် တောအုပ်များ။
၉။ ရှေးဟောင်းဘုရားများ၊ ကျောင်းတော်နှင့် ပြတိုက်။
၁၀။ ဘုရားသမိုင်းနှင့် ပတ်သက်သော ရုပ်ထုရုပ်လုံးများ၊ ပန်းချီကားများ၊ ရှေးဟောင်းပြခန်းများ စသောလေ့လာရန်ဌာနများနှင့် အနုပညာပြောင်မြောက် သော သာသနာ့အဆောက်အဦးများ စသည်တို့ကို သပ္ပါယ် ကြည်ညိုစွာ ဖူးတွေ့ကြရမည် ဖြစ်ပါသည်။
သာသနာဝင် ပိဋကတ်ကျမ်းတော်လာ ထူးမြတ်ဂုဏ် ၄ မျိုး
၁။ မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူရာ စန္ဒကူးနံ့သာ ကျောင်းတော်ရာဖြစ်ခြင်းကြောင့် ဗုဒ္မ၀လဉ္စနဌာန။
၂။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလံ၊ ရှင်အာနန္ဒာ စသော အရိယာရဟန္တာကြီးများ သီတင်းသုံးတော်မူရာ ဖြစ်ခြင်းကြောင့် အရိယာ သံဃ၀လဉ္စနဌာန။
၃။ သတ္တ၀ါများ တရားထူး တရားမြတ်ကို ထိုးထွင်းသိမြင်ရာဌာန ဖြစ်သောကြောင့် ဓမ္မာဘိသမယဌာန။
၎။ မြတ်စွာဘုရားသည် အနာဂတ် သတ္တ၀ါများအတွက် စန္ဒကူးကျောင်းတော်ရာ၌ စေတီတည်ထားပူဇော်ရန် ပုဂံပြည့်ရှင်မဏိစည်သူမင်းမြတ်အား ဗျာဒိတ်ထား တော်မူခြင်းကြောင့် ဗျာဒိတ္တဌာန။
ဤသို့ ဂုဏ်ပုဒ်များဖြင့် ပြည့်စုံသောဌာန ဖြစ်ပါသည်။
ထူးခြားချက်။ စေတီတော်ကြီး၏ ရာဟုဒေါင့်မှ အဒိဋ္ဌာန်ပြု ဆုတောင်းလျှင် အောင်မြင်ကြောင်း ရှေး ပေါရာဏကထာအရ ယုံကြည်လက်ခံပြည့်စုံကြပါသည်။

ပို့တင်သူ အညာသားလေး၏ အမှာစာ
စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားသို့ ဘုရားဖူးလာရောက်ကြကုန်သော တစ်ကမ္ဘာလုံးအပါအ၀င် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်အပေါင်း တို့ခင်ဗျား ဤ ကျောင်းတော်ရာဘုရား အနီးပတ်ဝန်းကျင်မှ မြို့ငယ်လေး များတွင်နေထိုင်ကြသူများ၊ ကျေးရွာလေးများတွင် နေထိုင်ကြသူများမှာ မိရိုးဖလာ လုပ်ငန်းဖြစ်သော လယ်ယာလုပ်ကိုင်ခြင်းဖြင့်သာ အသက်မွေးကြရသူများနှင့် လက်လုပ်လက်စား ဆင်းရဲသားအများ နေထိုင်ရာ နေရာလေးဖြစ်သောကြောင့် ၀င်ငွေအရမ်းနည်းသူများဖြစ်ကြပါသည်။ အလှူဒါနပြုလိုသူများပေမယ့် ၀င်ငွေ နည်းပါးသောကြောင့် တတ်အားသမျှ လေးသာ ဒါနပြုနိုင်ကြပါသည်။ ထိုသို့ ဆင်းရဲနွမ်းပါးသော နေရာလေးတွင် ဖြစ်တည်လာခဲ့သော သမိုင်းဝင် ဤဘုရားလေးမှာ ပျက်စီးယိုယွင်းမှု များပြားနေသောကြောင့် ပြုပြင်လှူဒါန်း သူသာမရှိလျှင် သမိုင်းပါပျောက်ကွယ်သွားနိုင်ပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသားဘုရားဖူးဧည့်သည်များ၊ Tourist Guide များ၊ လခစားဝန်ထမ်းများအား မိမိတို့ဝင်ငွေများမှ တတ်အားသမျှကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းသွားကြစေလိုပါသည်။

Tuesday, December 11, 2007

“ရေချမ်းစင်”ရွာသားလေးရဲ့ ရေချမ်းစင်

နွေကာလ သဲဆန်ဆန်မြေတွေက သံလျပ်ခိုးဝေလို့နေသည် တစ်ရွာနဲ့ တစ်ရွာကြား သွားလာစရာဆိုလို့ ခြေဗလာကိုသာ အားကိုးကြသူများ အဖို့ အညာခရီးတစ်လျှောက် ခရီးတစ်ထောက်နားစရာ ရှားလှသည်မို့ မျှော်ငေးရင်း လျှောက် “အင်း ရောက်တော့မှာဘဲလေ” လို့တွေး ခံတွင်းလည်းခြောက် လှပြီ ပဲလေ တံတွေးကို အပြန်ပြန်မျိုချလွန်းသည်ထင့် ထွက်စရာ တံတွေးပင် ဘယ်ရောက်ကုန်ပြီမသိတော့ နေပူကျဲကျဲထဲ အရိပ်ပဲ အဖော်ပါလာသူအဖို့ လျှောက်ပြီးရင်းလျှောက်-------လျှောက်---လျှောက်---------------
ဟော----ဟိုး ကုန်းမို့မို့ထိပ်မှာ ရိုးတိုးရိပ်တိတ်နဲ့ ညောင်မုတ်ဆိတ်ကို လှမ်းကာမြင်ရ---- ရွာရောက်ပါပေါ့ လား၊ ရွာအ၀င် ပင်ညောင်ညို ပင်မြေတလင်းမှာ သစ်သားဒေါက်နှစ်ချောင်းကို ပင်စည်နဲ့တွဲ ရေအိုး တစ်လုံးစာတင် စင်ကလေးပေါ် ဆင်တုံးမနွယ်ပင်ခွေ အောက်ကခံလို့ အုန်းမှုတ်ခွက်နဲ ရေချမ်းစင်လေး မြင်သူအမောကိုပြေစေ---- ရေအေးလေး သောက်လိုက်ပြန်တော့ ကျောက်စက်ရေအလား လျှာဖျားတဆင့် “အေးကနဲ” တစ်ကိုယ်လုံးစိမ့်သွားလိုက်တာများ တစ်ခွက်ပြီးနောက်တစ်ခွက် ဆင့်သောက်မိ။ ပမ်းသမျှဟာ “နေလာနှင်းပျောက်”သလို လွှင့်စင်ပျယ်လို့ ဘယ်သူလှူတယ်မသိ ပေမယ့် “သာဓု”အခါခါခေါ်မိပါရဲ့ ကုသိုလ်ရှင်ရယ်----------------။
“ရွာ”လို့ တွေးမြင်လိုက်တာနှင့် တွဲလျက်မြင်မိစမြဲဖြစ်တာက ရွာထိပ်ညောင်ညိုရိပ်က “ရေချမ်းစင်” လေးရယ်ပါ။ ဒီ ရေချမ်းစင်လေးကိုပဲ အစွဲပြုလို့ ကျွန်တော်တို့ရွာလေးကိုလည်း “ရေချမ်းစင်”လို့ ကမ္ဗည်းတင်ခဲ့ကြ တာနေမှာပေါ့---------
“ရေချမ်းစင်” ဓလေ့ဟာ ဘယ်ကစခဲ့တယ်မသိပေမယ့် မြတ်နိုးဖွယ် ကျေးလက်ရဲ့ ပြယုတ်လေးဆိုတာ ငြင်းမရပါဘူး။ လမ်းသင့်တဲ့ ရွာထိပ်ညောင်ပင်ရင်း တလင်းပြောင်အောင်ရှင်းလို့ သဲမြေစေးအိုး ခပ်လတ်လတ်နဲ့ စိမ့်တွင်းကရေ ကိုသယ် သဲမွမွပေါ် ဆင်တုံးမနွယ်ခွေ တင်ထားတဲ့ စင်လေးပေါ် တင် အုန်းမှုတ်ခွက် တုတ်ထိုးတပ်ပြီး ခွက်အဖြစ်တင်ထားလိုက် တယ်ဆိုပေမယ့် ရတဲ့ကိုသိုလ်များကျပြန်တော့ အားကျစရာ တစ်ပုံတပင်ပါဘဲ။ မတောင်းပဲရတဲ့ ရေအကျိုးဆယ်ပါးတွေက (၁) လျှင်မြန်ခြင်း၊ (၂)သန့်ရှင်းစင်ကြယ် ခြင်း၊ (၃) ကျော်ကြားလူသိများခြင်း၊ (၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊ (၅)အခြွေအရံ များခြင်း၊ (၆) အသက်ရှည်ခြင်း၊ (၇) အဆင်းလှခြင်း၊ (၈) ချမ်းသာကြီးခြင်း၊ (၉)ခွန်အားဗလကြီးခြင်း၊ (၁၀) ဉာဏ်ပညာကြီးခြင်း စတဲ့ ဆုတွေရသတဲ့။ လောလောဆယ် ပစက္ခမှာတောင် ခရီးသွားတွေရဲ့ “သာဓု”ခေါ် မေတ္တာပို့သံတွေနဲ့ကုသိုလ်တွေရနေလိုက်တာများ “လူလိုမှနတ်လို” “နတ်လိုမှ ဂြိုဟ်မ”ဆိုတဲ့စကားအတိုင်း စိတ်လက်ချမ်းသာစွာနဲ့ ကျက်သရေမင်္ဂလာ တိုးသည်ထက် တိုးတက်နေမှာ ဧကန်ပါလေ-----------။
ခရီးသွားသူတွေချင်း ရေချမ်းစင်လေးမှာ ခေတ္တနားသည့်ကာလ အရပ်ရှစ်မျက်နှာ ဆီက သတင်းတွေဖလှယ်ကြ… ပါးစရာအမှာစကားတွေ တဆင့်ပြောပေးဖို့ စကားလက်ဆောင်တွေ ပါးကြ… စားစရာတွေ ဝေကာမျှကာစားကြပါစို့ မိတ်ရင်းဆွေ ပမာ ဖြစ်သွားတတ်သည့် နေရာလေးမို့ “မေတ္တာရပ်ဝန်းလေး”ဟုပင် ကင်ပွန်းတပ်ချင်မိပါသည်။
ကျွန်တော့်ရဲ့ “ရေချမ်းစင်”ဟု အမည်ပေးထားသော သည် yechansinn.blogspot.com ကလေးကိုလည်း ကျွန်တော်မြတ်နိုးသော ကျွန်တော့်ရဲ့ “ရေချမ်းစင်”ရွာငယ်လေးလို့ ပညတ်သွားရာ ဓာတ်သက်ပါစေ ချင်လှပါသည်။ “ရေချမ်းစင်” ရွာသားပီပီ ရေချမ်းစင်ဝတ် ကျေပွန်အောင် ဖြည့်စမ်း ချင်လှသည်။ ထို့ကြောင့်လည်း ရွာအစွဲကြီးသူမို့ ဒီဘလော့ လေးကို “ရေချမ်းစင်”ဟု အမည်ပေးမိသည်ကအစ…. ၀င်ရောက်ကြည့်ရှု အားပေးသော မိတ်သင်္ဂဟများအားလုံး မေတ္တာရေစင်အေး သောက်သုံးသွား ရသလို စိတ်ကြည်လန်းဆန်း ချမ်းမြေ့စေချင်ပါသည်။
Net ဆိုသော အရိပ်ဆိုင်းဆိုင်း ပင်ညောင်ကြီးအောက်မှာ ဘ၀အမောတွေအတွက် ခေတ္တနားခိုစဉ်ခဏ Blog ဟူသော ရေစင်အေးကို သောက်သုံးရင်း အသိအမြင် အတွေးချင်း အပြုံးပန်းဝေစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ကြစေချင်သည်။ တခဏတာ မိတ်ဆွေမှသည် သံသရာခရီး အထောက်အကူပြုနိုင်မည့် မိတ်ဆွေများဖြစ်သည့်အထိ မိတ်ကောင်းဆွေမွန်များအဖြစ် ထာဝစဉ် ရပ်တည်သွားစေ ချင်ပါသည်။
လမ်းသင့်လို့ ကြုံအခိုက် ကျွန်တော့်ရဲ့ “ရေချမ်းစင်” မေတ္တာရေအေးလေးကို သောက်သုံးပါလှည့်ဟု ထာဝရ ဖိတ်ခေါ်နေမိပါတော့သည်။ ။

Thursday, December 6, 2007

“မိဘကိုရိုသေပါ”---အဘယ်ကြောင့်ဆိုသော်------

ကျွန်တော် (၁၆)နှစ်သားအထိ မိဘကို ရိုသေရမှန်း ကိုးကွယ်ရမှန်းမသိပါ။ အဲဒီအချိန်တွေက ကျွန်တော် ဆိုးကောင်း မိုက်ကောင်း ပြန်ခံပြောလို့ ကောင်းတုန်းအချိန် တွေဖြစ်ခဲ့သည်။ ကျွန်တော့် အမေကတော့ အရမ်းစိုးရိမ်ကြောင့်ကြသည်။ သားသမီးများအပေါ်တွင် အမြဲတမ်း စိုးရိမ် စိတ်ပူနေ တတ်သည်။ အမေဘဲလေ--------။ “သားရယ် ကျောင်းသွားတာ အလုပ်သွားလုပ်တာကျနေတာဘဲ။ အင်္ကျီတွေလည်း ပေပွနေတာဘဲ”လို့ ပြောယင် ကျွန်တော်မကြိုက် “ကိုယ့်ဘာသာလျှော်မယ် အမေဘာမှ ပြောမနေနဲ့”ဟု ပြန်ပြော ခဲ့သည်။ ကျွန်တော် အမြဲ ကွန်ပလိန်း တက်ခဲ့သည်။ ကိုယ့်သားကို အရိပ်တကြည့်ကြည့်နေတဲ့အမေက သူရင်ထဲမှာ သားကိုပြော စရာတွေတစ်ပုံကြီးရှိနေသည်။ သားကို တော်စေချင်သည်။ ချွန်စေချင်သည်။ ထက်စေချင်သည်။ လူလူချင်း၊ သားသားချင်းယှဉ်လျှင် နှာတစ်ဖျား သာစေချင်သည်။ ထို့ကြောင့်လည်း သားမကြိုက် ကြိုက်ကြိုက် အမေပြောရတော့ မည် ဘဲလေ။ ထမင်းစားလည်း ထမင်းနဲ့ဟင်းတွေ ပွနေ အောင်နယ်နေလျှင်၊ ထမင်းစေ့များ ပန်းကန်ပြားအထက်တက်နေလျှင် “သား လူမြင်လို့ မကောင်းဘူး”ဟုပြောလျှင် ကျွန်တော်ထမင်းဆက်မစားတော့။ ကျွန်တော် မကြိုက်သောဟင်းများချက်လျှင် ထမင်းမစားတော့ပါ။ ကျောင်းတက် ရက်ဆိုလျှင်လည်း ထမင်းဘူး ယူမသွားချင်၍ ထားခဲ့သည်။ အမေကတော့ သားစားလေ့စားထရှိသော ဟင်းကိုလုပ်ကာ လာပို့ရှာသည်။ အမေ တော်တော်ရှုပ်သည်ဟုသာမြင်မိသည်။ ကျေးဇူးတင်ဖို့ ဝေးလေစွ။ ဘောလုံးသွားကန်လျှင်လည်း အမေမကြိုက်။ “ဘာဆုတွေရမှာမလို့လဲ။ အမေမွေးတုန်း ကအကောင်း ကျိုးသွားတော့ ဘယ်သူဆေးကုပေးမှာလဲ”ဟု အမေ ပွစိပွစိ ပြောနေသည်။ “အမေက တော်တော်စကားများ တာဘဲဗျာ။ ကျိုးယင်ကောက်ဆက်မယ်”ဟု ပြောခဲ့မိသည်။ အင်္ကျီအကောင်း များကို ည၀တ်အိပ်လျှင်လည်း “သားရယ် အ၀တ်အစားအကောင်းတွေကို ည၀တ်မအိပ်ပါနဲ့။ တစ်ည၀တ်အိပ်တာနဲ့ တစ်လ၀တ်တာအတူတူဘဲ။ ဟောင်းလွယ် ကြေလွယ် တယ်”ဟု အမေက ပြောသောအခါ “အမေတို့ကလည်း လူကိုအမြဲတန်း ဘောင်ကန့် ချုပ်ချယ်နေတာဘဲ။ ကျွန်တော် ဘယ်လိုနေရမလဲ အမေဘဲ ပြောပါတော့ဗျာ။ အိမ်မှာနေရတာ တော်တော် စိတ်ကုန်တယ်”ဟု ပြောခဲ့သည်။ နောက်ဆုံး ကုန်ကုန်ပြောရယင် အိမ်မှာမနေဘူးဗျာဟိုဆိုကာ အဘ(အဖေရဲ့ အဖေ)အိမ်သို့ ထွက် သွားခဲ့သည်။ ကျောင်းပိတ်ရက် သူငယ်ချင်းများနှင့် ချိန်းကာ ငှက်လိုက်ပစ်လျှင်၊ ငါးမျှားထွက်လျှင်လည်း အမေက “သား ၀ဋ်လည်တတ်တယ်။ မိတကွဲ ဖတကွဲဖြတ်တတ်တယ်”ဟု ပြောလေသည်။ အမေကို အကောင်းမမြင်၊ အမေပြောသမျှ အပိုတွေပြောနေသည်ဘဲ ထင်မိခဲ့သည်။ အဲဒီတုန်းကတော့ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေရယင် ကောင်းမှာဘဲ၊ အိမ်ကထွက်သွားတာ လွတ်လပ်မယ်၊ ကိုယ်လုပ်ချင်ရာလုပ်မယ်လို့ စိတ်ကူးမိခဲ့သည်။
ခုတော့ ကျွန်တော် မိဘရိပ်၊ အမေ့အရိပ်က ဝေးရာကိုရောက်နေခဲ့တာ ၇ နှစ်ကျော်သွားပြီလေ။ ခုတော့ အမေရဲ့ ပွစိပွစိစကားတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဖြစ်ခဲ့ရသည်။ ကိုယ့်ဘ၀ကိုကျောင်းပြီး ကိုယ့်လမ်းကို လျှောက်နေ တော့မှ အမေ့စကားတွေက အဖိုးတန်မှန်း သိခဲ့ရသည်။ ခုတော့ အ၀တ် လည်း ကိုယ့်ဘာသာလျှော်၊ ထမင်းဟင်းလဲ ကိုယ့်ဘာသာချက်၊ ကိုယ့်ကျန်းမာ ရေးကိုလည်း ကိုယ့်ဘာသာဂရုစိုက်ရတော့သည်။ တစ်ချိန်က မိဘကို ပြန်ပြောခဲ့သမျှ ကျွန်တော် ဒီ ၇ နှစ်တာကာလမှာ လျှောက်လှမ်းသမျှ အနှောင့်အယှက် တွေဖြစ်ခဲ့ရသည်။ ဖြောင့်ဖြောင့်ဖြူးဖြူးမရှိလှ။ လွယ်လွယ် အဆင်ပြေမယ့် ဟာက ခက်ခက်ခဲခဲလုပ်ယူရသည်။ မိဘကို စိတ်အနှောင့် အယှက်ဖြစ်အောင် လုပ်ခဲ့မိလို့ ကျွန်တော် ခုလိုဖြစ်နေရသည်ဟု ကျွန်တော်ယုံ ကြည်သည်။ ထို့ကြောင့်လည်း နောင့်နောင် ဒီလိုမဖြစ်ချင်တော့ပါ။ ခလုပ်ထိမှ အမိတသည်ဘဲပြောပြော အချိန်မနှောင်းခင်ရသည့် မိမိ၏နောင်တကို ကြိုဆိုရမည်။ ပြင်ဆင်ရမည်။ ဒီကရှေ့ မိဘကိုရိုသေတော့မည်။ တတ်နိုင်သမျှ တစ်ကျပ်တစ်ပြား တတ်နိုင် တတ်နိုင် ကျေးဇူးဆပ်မည်။ ဆပ်သမျှ အမြတ်သာဖြစ်ပေတော့မည်။ အဖေအမေ့အပေါ် မိုက်မှား စော်ကား ပြန်ပြောခဲ့ မိသမျှ၊ အမေစိတ်အနှောင့်အယှက်ဖြစ်မိခဲ့သမျှကို ခွင့်လွှတ်ပေးပါ အမေဟု တိုက်ရိုက်ဖြစ်စေ၊ စာနှင့်ဖြစ်စေ အမြဲတောင်းပန်ဝန်ချခဲ့သည်။ ခွင့်လွှတ်ပေး နိုင်ပါစေ အမေ----ဟုသာ
(ကျွန်တော့်ပို့စ်ကို စိတ်ရှည်သည်းခံပြီး ဖတ်ရှုကြသော ဘလော့ဂါများ မိဘအပေါ်နားလည်ခွင့်လွှတ် သိတတ်ပြီး မိဘကျေးဇူးကိုဆပ်နိုင်သော သားသမီးထူး သားသမီးမြတ်များ ဖြစ်ကြပါစေဟု-ဆုမွန်ချွေလျှက်)

“အတုအပ သတိပြုပါ”

“သင်အလိုရှိရာ အတုများကို ဖန်တီးပေးသည်” ဟူသော
ကြော်ငြာတစ်ခု၏ နောက်ဆုံးစာကြောင်းက
“အတုအပ သတိပြုပါ” ဟူ၍ဖြစ်ရာ
“အတုအပကိုသာ အသုံးပြုပါ”ဟု ဆိုသလော။
“အတုအပကို သတိပြုရှောင်ရှားပါ”ဟု
ဆိုလေသလော နှစ်ခွဖြစ်နေသည်။
(ကောင်းဦး)

Monday, December 3, 2007

အိမ်သို့အပြန်

ကျွန်တော် အိမ်ကိုပြန်မည်ဟု ဆုံးဖြတ်ချက်ချပြီးကတည်းက ရင်တွေခုန်နေသည်။ အိမ်ကို မြန်မြန် ရောက်ချင်စိတ်က ကြီးစိုးနေလေပြီ။ ကျွန်တော် အဘက်ဘက်ကပြန်စဉ်းစားကြည့်တော့ ကျွန်တော် အမေ့အိမ်ကို ပြန်မ ရောက်တာ ၂ နှစ်တောင်ရှိသွားပြီလေ---။ အမေနဲ့ မတွေ့ရ တာလည်း ၂ နှစ်ပေါ့။ အမေက ရိုးသားလှတဲ့တောသူဆိုတော့ ဖုန်းလည်း မပြော ဖူးဘူး။ သားဆီကို တစ်ခါမှဖုန်းဆက်သည်မရှိ။ ဖုန်းဆက်ရအောင်လည်း မြို့ကိုသွားပြီးမှ ဆက်ရသည်။ သြော် -- အမေ့ရင်ထဲဘယ်လိုနေသည်မသိ။ ကျွန်တော့်ရင်ထဲတော့ အမေသာ လွှမ်းမိုးနေလေပြီ။ ဒီလိုအတွေးများစွာနဲ့ အောင်မင်္ဂလာအဝေး ပြေးဂိတ်ကို လက်မှတ်ဝယ်ဖို့သွားခဲ့သည်။ ရန်ကုန်-ရေနံချောင်း ကျွန်းဆွယ်ကား ဂိတ်ရောက်တော့ ညီလေးရေ လက်မှတ်က ကုန်သွားပြီဆိုတဲ့ အရောင်းစာရေး၏ ပြောသံကြောင့် ကျွန်တော်ဘယ်လိုမှမနေပါ။ ဘာ့ကြောင့် လဲဆိုတော့ ကျွန်တော်ဒီရက်မှာ အိမ်ကို မရောက်ရောက်အောင်ပြန်မယ်လို့ ဆုံးဖြတ်ထား လို့ပါဘဲ။ ကျွန်တော့်အတွက်ကတော့ ဘယ်လိုဘဲပြန်ရပြန်ရ အမေ့အိမ်ကို ရောက်သွားဖို့ဘဲ အဓိက။ ရပါတယ်အစ်ကို။ ဘယ်လိုနည်းနဲ့ လိုက်ရလိုက်ရ လိုက်မယ်ဗျာလို့ ပြောလိုက်တော့ ကျွန်တော့်ကို မယုံသလို မော့ကြည့်သည်။ တကယ်လားတဲ့။ ပြောရက်လိုက်တာလို့ စိတ်ထဲ ရေရွတ် လိုက်မိသည်။ တကယ်ပါလို့မပြောတော့ဘဲ ကားလက်မှတ်ဖိုး ထုတ်ပေးလိုက် တော့မှ ငြိမ်သွားသည်။ မနက်ဖြန်ဆို အိမ်ပြန်မည်။ နောက်တစ်နေ့ ဆွမ်းခံဝင်ချိန် (၁၁း၀၀)အချိန်ဆို ဧရာဝတီမြစ်ကမ်းနံဘေးက အမေ့အိမ် ရှိတဲ့ရွာလေးကိုရောက်ပြီ။ ရန်ကုန်မြို့ကြီးမှာ မွန်းကြပ်နေသမျှ အမေ့အိမ်ရောက်မှ အပမ်းဖြေမယ်လို့ ဆုံးဖြတ်လိုက်မိသည်။ ဒီလိုနဲ့ ညနေ(၄း၀၀)နာရီမှာ ရန်ကုန်-ေ၇နံချောင်း အဝေးပြေးကားကြီးကိုစီးပြီး အိမ်အပြန်လမ်း ကားပေါ်မှာ တစ်ညတာခရီးကို ဘယ်လိုဖြတ်သန်းရမည်မသိ။ အိပ်လို့လည်းမရ။ နေမထိထိုင်မရဖြစ်နေမိသည်။ အိမ်သို့သာ အပြေးရောက်နေချင်မိ သည်။ ကားစပယ်ယာကလည်း သီချင်းများနှင့် တစ်မျိုးပြီးတစ်မျိုး မရိုးအောင် ဖျော်ဖြေနေသည်။ ဒီလိုနဲ့ မနက်မိုးသောက်လို့ ရောင်နီအလာမှာတော့ ဧရာဝတီမြစ်ကမ်းနံဘေးက သစ်တပွေဆိုတဲ့ ရွာလေးမှာ ကားကိုရပ်ခိုင်းလိုက်သည်။ ကားပေါ်မှအဆင်း မှာတော့ အညာရနံ့က ရင်တွင်းသို့ တိုးဝှေ့ဝင်ရောက်လာသည်။
မြစ်ကမ်းနားကို ဆင်းပြီး ရရာစက်မော်တော်ကို ငှားပြီး ဧရာဝတီမြစ် တစ်ဘက် ကမ်းကို ပို့ခိုင်းရသည်။ တစ်နာရီခွဲကြာ သဲသောင်များကို ပတ်ကာ ဧရာဝတီမြစ်ကို ကန့်လန့်ဖြတ်မောင်းနေသော စက်မော်တော် ပေါ်တွင် ကျွန်တော့ အတွေးများလည်း ဟိုတစ်စ ဒီတစ်စလွင့်ပျံ့နေသည်။ သဲသောင်ခုံများ ပေါ်တွင် တံငါလုပ်ငန်းကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြု နေထိုင်သူ မိသားစုများရဲ့ တဲအိမ်ငယ်များကို ဟိုတစ်လုံး ဒီတစ်လုံး တွေ့နေရသည်။ ဧရာဝတီ မြစ်ပြင်တစ်လျှောက်မှာတော့ ငါးဖမ်းတံခါလှေများဖြင့် ပိုက်ချက ငါးဖမ်းနေ ကြသည်။ တစ်ဘက်ကမ်းကိုမြင်ရချိန်မှာတော့ ညီဖြစ်သူက နွားလှည်းပေါ်တွင် မတ်တပ်ရပ်ကာ ကျွန်တော့ကို အော်ပြီး လက်ပြ နေသည်။ “အစ်ကိုရေ လှည်းပါတယ် ဟေ့”တဲ့။ တောတွင်နေထိုင်သူပီပီ အာပေါင်အာရင်းသန်သန်နဲ့ ကျွန်တော့ကို အော်ပြောသည်။“အေးအေး ညီလေး“ဟု ပြန်ပြောရရှာသည်။ စက်မော်တော်ပေါ်ကအဆင်း ညီလေးက ခရီးဆောင်အိတ်ကို ၀ိုင်းကူသယ် ပေးသည်။ အမေမပါဘူးလားဟု မေးတော့ အိမ်မှာ အစ်ကို့အကြိုက် ဟင်းတွေချက်နေတယ်။ မနက်အစောကြီးကတည်းက ချက်နေတာ။ ခုထက်ထိမပြီးသေးဘူး အစ်ကို။ မလိုက်တော့ဘူးသားလေး။ မင်းအစ်ကိုမေးရင် ကမ်းနားမှာ ထမင်းမစားခဲ့နဲ့လို့ အိမ်မှာ အမေချက် ထားတယ်ပြောဟု မှာလိုက်ရှာသည်။ ကျွန်တော့ရင်ထဲ ဆို့နင့်သွား သည်။ အေးအေးညီလေးဟုသာ ဖြေနိုင်သည်။ ညီလေး မြန်မြန်မောင်းကွာဟု နွားလှည်းကို အတင်းမောင်းခိုင်းရသည်။ လှည်းပေါ်တွင်လည်း တစ်ဆွေလုံး တစ်မျိုးလုံး၏ အကြောင်းများကို မကုန်နိုင်မခမ်းနိုင် မေးရသည်။ အစ်ကို ဘယ်သူကဘယ်လို။ ဘယ်ဦးလေး၊ ဘယ်အဒေါ်က အိမ်နဲ့ စကားမပြောကြဘူး။ အို စုံနေတာဘဲ။ ဆိုးတာရော ကောင်းတာရော နားထဲမဆန့်။ တရွေ့ရွေ့နှင့် ရွာဦးဆုတောင်းပြည့်ဘုရားနားရောက်တော့ ညီလေး လှည်းခဏရပ်ဦးကွာ အစ်ကို ဆင်းကန်တော့လိုက်ဦးမယ်ဟုဆိုကာ ၀င်ရောက်ဦးခိုက်ခဲ့ပါသည်။ ခဏကြာတော့ ရွာအ၀င်တွင် အမေက ထမီကိုမကာ မျှော်နေသည်ကို လှမ်းမြင်ရတော့ လှည်းပေါ်မှ ဆင်းကာ အမေ့ဆီသို့ အပြေးသွားပြီး အမေ့ကို ဖက်ထားမိသည်။ ရွာဝင်လမ်းရှိ အိမ်များမှ ထွက်ကြည့်ရှာသည်။
အမေက
“သားရယ် ဘာဖြစ်လို့ အကြာကြီး ပြန်မလာဘဲနေတာလဲ လို့ မေးရှာသည်”
“အမေရယ် သား အိမ်ကို ပိုက်ဆံမပေးနိုင်လို့ မပြန်ဖြစ်တာပါ”ဟု
ကျွန်တော့်ရင်တွင်းမှာရှိသည့်အတိုင်း ဖြေလိုက်မိသည်။
“ဖြစ်မှ ဖြစ်ရလေသားရယ်”ဟု ငိုကာ ပြောလိုက်သည်က
“အမေက သားဆီကငွေကိုမမျှော်ပါဘူးသား။ ”
သားကိုဘဲ မျှော်နေတာပါ သားရယ်တဲ့---------------
(အမေ့အိမ်သို့ မပြန်တာကြာပြီဖြစ်သော သားများသို့ ရည်ညွှန်းပါသည်။)