Monday, December 3, 2007

အိမ်သို့အပြန်

ကျွန်တော် အိမ်ကိုပြန်မည်ဟု ဆုံးဖြတ်ချက်ချပြီးကတည်းက ရင်တွေခုန်နေသည်။ အိမ်ကို မြန်မြန် ရောက်ချင်စိတ်က ကြီးစိုးနေလေပြီ။ ကျွန်တော် အဘက်ဘက်ကပြန်စဉ်းစားကြည့်တော့ ကျွန်တော် အမေ့အိမ်ကို ပြန်မ ရောက်တာ ၂ နှစ်တောင်ရှိသွားပြီလေ---။ အမေနဲ့ မတွေ့ရ တာလည်း ၂ နှစ်ပေါ့။ အမေက ရိုးသားလှတဲ့တောသူဆိုတော့ ဖုန်းလည်း မပြော ဖူးဘူး။ သားဆီကို တစ်ခါမှဖုန်းဆက်သည်မရှိ။ ဖုန်းဆက်ရအောင်လည်း မြို့ကိုသွားပြီးမှ ဆက်ရသည်။ သြော် -- အမေ့ရင်ထဲဘယ်လိုနေသည်မသိ။ ကျွန်တော့်ရင်ထဲတော့ အမေသာ လွှမ်းမိုးနေလေပြီ။ ဒီလိုအတွေးများစွာနဲ့ အောင်မင်္ဂလာအဝေး ပြေးဂိတ်ကို လက်မှတ်ဝယ်ဖို့သွားခဲ့သည်။ ရန်ကုန်-ရေနံချောင်း ကျွန်းဆွယ်ကား ဂိတ်ရောက်တော့ ညီလေးရေ လက်မှတ်က ကုန်သွားပြီဆိုတဲ့ အရောင်းစာရေး၏ ပြောသံကြောင့် ကျွန်တော်ဘယ်လိုမှမနေပါ။ ဘာ့ကြောင့် လဲဆိုတော့ ကျွန်တော်ဒီရက်မှာ အိမ်ကို မရောက်ရောက်အောင်ပြန်မယ်လို့ ဆုံးဖြတ်ထား လို့ပါဘဲ။ ကျွန်တော့်အတွက်ကတော့ ဘယ်လိုဘဲပြန်ရပြန်ရ အမေ့အိမ်ကို ရောက်သွားဖို့ဘဲ အဓိက။ ရပါတယ်အစ်ကို။ ဘယ်လိုနည်းနဲ့ လိုက်ရလိုက်ရ လိုက်မယ်ဗျာလို့ ပြောလိုက်တော့ ကျွန်တော့်ကို မယုံသလို မော့ကြည့်သည်။ တကယ်လားတဲ့။ ပြောရက်လိုက်တာလို့ စိတ်ထဲ ရေရွတ် လိုက်မိသည်။ တကယ်ပါလို့မပြောတော့ဘဲ ကားလက်မှတ်ဖိုး ထုတ်ပေးလိုက် တော့မှ ငြိမ်သွားသည်။ မနက်ဖြန်ဆို အိမ်ပြန်မည်။ နောက်တစ်နေ့ ဆွမ်းခံဝင်ချိန် (၁၁း၀၀)အချိန်ဆို ဧရာဝတီမြစ်ကမ်းနံဘေးက အမေ့အိမ် ရှိတဲ့ရွာလေးကိုရောက်ပြီ။ ရန်ကုန်မြို့ကြီးမှာ မွန်းကြပ်နေသမျှ အမေ့အိမ်ရောက်မှ အပမ်းဖြေမယ်လို့ ဆုံးဖြတ်လိုက်မိသည်။ ဒီလိုနဲ့ ညနေ(၄း၀၀)နာရီမှာ ရန်ကုန်-ေ၇နံချောင်း အဝေးပြေးကားကြီးကိုစီးပြီး အိမ်အပြန်လမ်း ကားပေါ်မှာ တစ်ညတာခရီးကို ဘယ်လိုဖြတ်သန်းရမည်မသိ။ အိပ်လို့လည်းမရ။ နေမထိထိုင်မရဖြစ်နေမိသည်။ အိမ်သို့သာ အပြေးရောက်နေချင်မိ သည်။ ကားစပယ်ယာကလည်း သီချင်းများနှင့် တစ်မျိုးပြီးတစ်မျိုး မရိုးအောင် ဖျော်ဖြေနေသည်။ ဒီလိုနဲ့ မနက်မိုးသောက်လို့ ရောင်နီအလာမှာတော့ ဧရာဝတီမြစ်ကမ်းနံဘေးက သစ်တပွေဆိုတဲ့ ရွာလေးမှာ ကားကိုရပ်ခိုင်းလိုက်သည်။ ကားပေါ်မှအဆင်း မှာတော့ အညာရနံ့က ရင်တွင်းသို့ တိုးဝှေ့ဝင်ရောက်လာသည်။
မြစ်ကမ်းနားကို ဆင်းပြီး ရရာစက်မော်တော်ကို ငှားပြီး ဧရာဝတီမြစ် တစ်ဘက် ကမ်းကို ပို့ခိုင်းရသည်။ တစ်နာရီခွဲကြာ သဲသောင်များကို ပတ်ကာ ဧရာဝတီမြစ်ကို ကန့်လန့်ဖြတ်မောင်းနေသော စက်မော်တော် ပေါ်တွင် ကျွန်တော့ အတွေးများလည်း ဟိုတစ်စ ဒီတစ်စလွင့်ပျံ့နေသည်။ သဲသောင်ခုံများ ပေါ်တွင် တံငါလုပ်ငန်းကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြု နေထိုင်သူ မိသားစုများရဲ့ တဲအိမ်ငယ်များကို ဟိုတစ်လုံး ဒီတစ်လုံး တွေ့နေရသည်။ ဧရာဝတီ မြစ်ပြင်တစ်လျှောက်မှာတော့ ငါးဖမ်းတံခါလှေများဖြင့် ပိုက်ချက ငါးဖမ်းနေ ကြသည်။ တစ်ဘက်ကမ်းကိုမြင်ရချိန်မှာတော့ ညီဖြစ်သူက နွားလှည်းပေါ်တွင် မတ်တပ်ရပ်ကာ ကျွန်တော့ကို အော်ပြီး လက်ပြ နေသည်။ “အစ်ကိုရေ လှည်းပါတယ် ဟေ့”တဲ့။ တောတွင်နေထိုင်သူပီပီ အာပေါင်အာရင်းသန်သန်နဲ့ ကျွန်တော့ကို အော်ပြောသည်။“အေးအေး ညီလေး“ဟု ပြန်ပြောရရှာသည်။ စက်မော်တော်ပေါ်ကအဆင်း ညီလေးက ခရီးဆောင်အိတ်ကို ၀ိုင်းကူသယ် ပေးသည်။ အမေမပါဘူးလားဟု မေးတော့ အိမ်မှာ အစ်ကို့အကြိုက် ဟင်းတွေချက်နေတယ်။ မနက်အစောကြီးကတည်းက ချက်နေတာ။ ခုထက်ထိမပြီးသေးဘူး အစ်ကို။ မလိုက်တော့ဘူးသားလေး။ မင်းအစ်ကိုမေးရင် ကမ်းနားမှာ ထမင်းမစားခဲ့နဲ့လို့ အိမ်မှာ အမေချက် ထားတယ်ပြောဟု မှာလိုက်ရှာသည်။ ကျွန်တော့ရင်ထဲ ဆို့နင့်သွား သည်။ အေးအေးညီလေးဟုသာ ဖြေနိုင်သည်။ ညီလေး မြန်မြန်မောင်းကွာဟု နွားလှည်းကို အတင်းမောင်းခိုင်းရသည်။ လှည်းပေါ်တွင်လည်း တစ်ဆွေလုံး တစ်မျိုးလုံး၏ အကြောင်းများကို မကုန်နိုင်မခမ်းနိုင် မေးရသည်။ အစ်ကို ဘယ်သူကဘယ်လို။ ဘယ်ဦးလေး၊ ဘယ်အဒေါ်က အိမ်နဲ့ စကားမပြောကြဘူး။ အို စုံနေတာဘဲ။ ဆိုးတာရော ကောင်းတာရော နားထဲမဆန့်။ တရွေ့ရွေ့နှင့် ရွာဦးဆုတောင်းပြည့်ဘုရားနားရောက်တော့ ညီလေး လှည်းခဏရပ်ဦးကွာ အစ်ကို ဆင်းကန်တော့လိုက်ဦးမယ်ဟုဆိုကာ ၀င်ရောက်ဦးခိုက်ခဲ့ပါသည်။ ခဏကြာတော့ ရွာအ၀င်တွင် အမေက ထမီကိုမကာ မျှော်နေသည်ကို လှမ်းမြင်ရတော့ လှည်းပေါ်မှ ဆင်းကာ အမေ့ဆီသို့ အပြေးသွားပြီး အမေ့ကို ဖက်ထားမိသည်။ ရွာဝင်လမ်းရှိ အိမ်များမှ ထွက်ကြည့်ရှာသည်။
အမေက
“သားရယ် ဘာဖြစ်လို့ အကြာကြီး ပြန်မလာဘဲနေတာလဲ လို့ မေးရှာသည်”
“အမေရယ် သား အိမ်ကို ပိုက်ဆံမပေးနိုင်လို့ မပြန်ဖြစ်တာပါ”ဟု
ကျွန်တော့်ရင်တွင်းမှာရှိသည့်အတိုင်း ဖြေလိုက်မိသည်။
“ဖြစ်မှ ဖြစ်ရလေသားရယ်”ဟု ငိုကာ ပြောလိုက်သည်က
“အမေက သားဆီကငွေကိုမမျှော်ပါဘူးသား။ ”
သားကိုဘဲ မျှော်နေတာပါ သားရယ်တဲ့---------------
(အမေ့အိမ်သို့ မပြန်တာကြာပြီဖြစ်သော သားများသို့ ရည်ညွှန်းပါသည်။)

3 comments:

ခိုင်မြဲ said...

ရဲလေး.........
ညီလေးရဲ့ အိမ်အပြန် ကတကယ် စိတ်ဝင်စားဖို့ကောင်းတယ်ကွာ။
ညီလေးရဲ့ စာအရေးအသားကလည်းထိမိတယ်ကွ။
ငါ ကိုယ်တိုင်လည်း အရမ်းကို ရွာသားဖြစ်ချင်ခဲ့တာ။
အဲဒါကြောင့် ပဲလား မသိဘူး...
ငါ...အရမ်းခင်တဲ့ သူငယ်ချင်းတွေက ရွာသားတွေချည်းဖြစ်နေတာ။
ညီလေးကို လည်း ရွာသားမှန်း သိတော့ ပိုခင်သွားမိတယ်။
ံမြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ရဲ့ နဘေးက ရွာလေးမှာ မွေးခဲ့ ညီလေး ဟာ တယ် ကံထူးရှင်ပါ။

ခိုင်မြဲ said...

ရဲလေး .......
ဒီတစ်ခါ ... တတိယအကြိမ်မြောက် "အိမ်သို့အပြန်"
ကို ပြန်ဖတ်ခြင်းပါ။
ရဲလေး ရဲ့ စာကိုဖတ်ရတာ... မိခင်မေတ္တာရဲ့ နွေးထွေးမှူကို ခံစားရလို့ပါ....

Unknown said...

Really like this post.
Very good writing