ကျွန်တော် (၁၆)နှစ်သားအထိ မိဘကို ရိုသေရမှန်း ကိုးကွယ်ရမှန်းမသိပါ။ အဲဒီအချိန်တွေက ကျွန်တော် ဆိုးကောင်း မိုက်ကောင်း ပြန်ခံပြောလို့ ကောင်းတုန်းအချိန် တွေဖြစ်ခဲ့သည်။ ကျွန်တော့် အမေကတော့ အရမ်းစိုးရိမ်ကြောင့်ကြသည်။ သားသမီးများအပေါ်တွင် အမြဲတမ်း စိုးရိမ် စိတ်ပူနေ တတ်သည်။ အမေဘဲလေ--------။ “သားရယ် ကျောင်းသွားတာ အလုပ်သွားလုပ်တာကျနေတာဘဲ။ အင်္ကျီတွေလည်း ပေပွနေတာဘဲ”လို့ ပြောယင် ကျွန်တော်မကြိုက် “ကိုယ့်ဘာသာလျှော်မယ် အမေဘာမှ ပြောမနေနဲ့”ဟု ပြန်ပြော ခဲ့သည်။ ကျွန်တော် အမြဲ ကွန်ပလိန်း တက်ခဲ့သည်။ ကိုယ့်သားကို အရိပ်တကြည့်ကြည့်နေတဲ့အမေက သူရင်ထဲမှာ သားကိုပြော စရာတွေတစ်ပုံကြီးရှိနေသည်။ သားကို တော်စေချင်သည်။ ချွန်စေချင်သည်။ ထက်စေချင်သည်။ လူလူချင်း၊ သားသားချင်းယှဉ်လျှင် နှာတစ်ဖျား သာစေချင်သည်။ ထို့ကြောင့်လည်း သားမကြိုက် ကြိုက်ကြိုက် အမေပြောရတော့ မည် ဘဲလေ။ ထမင်းစားလည်း ထမင်းနဲ့ဟင်းတွေ ပွနေ အောင်နယ်နေလျှင်၊ ထမင်းစေ့များ ပန်းကန်ပြားအထက်တက်နေလျှင် “သား လူမြင်လို့ မကောင်းဘူး”ဟုပြောလျှင် ကျွန်တော်ထမင်းဆက်မစားတော့။ ကျွန်တော် မကြိုက်သောဟင်းများချက်လျှင် ထမင်းမစားတော့ပါ။ ကျောင်းတက် ရက်ဆိုလျှင်လည်း ထမင်းဘူး ယူမသွားချင်၍ ထားခဲ့သည်။ အမေကတော့ သားစားလေ့စားထရှိသော ဟင်းကိုလုပ်ကာ လာပို့ရှာသည်။ အမေ တော်တော်ရှုပ်သည်ဟုသာမြင်မိသည်။ ကျေးဇူးတင်ဖို့ ဝေးလေစွ။ ဘောလုံးသွားကန်လျှင်လည်း အမေမကြိုက်။ “ဘာဆုတွေရမှာမလို့လဲ။ အမေမွေးတုန်း ကအကောင်း ကျိုးသွားတော့ ဘယ်သူဆေးကုပေးမှာလဲ”ဟု အမေ ပွစိပွစိ ပြောနေသည်။ “အမေက တော်တော်စကားများ တာဘဲဗျာ။ ကျိုးယင်ကောက်ဆက်မယ်”ဟု ပြောခဲ့မိသည်။ အင်္ကျီအကောင်း များကို ည၀တ်အိပ်လျှင်လည်း “သားရယ် အ၀တ်အစားအကောင်းတွေကို ည၀တ်မအိပ်ပါနဲ့။ တစ်ည၀တ်အိပ်တာနဲ့ တစ်လ၀တ်တာအတူတူဘဲ။ ဟောင်းလွယ် ကြေလွယ် တယ်”ဟု အမေက ပြောသောအခါ “အမေတို့ကလည်း လူကိုအမြဲတန်း ဘောင်ကန့် ချုပ်ချယ်နေတာဘဲ။ ကျွန်တော် ဘယ်လိုနေရမလဲ အမေဘဲ ပြောပါတော့ဗျာ။ အိမ်မှာနေရတာ တော်တော် စိတ်ကုန်တယ်”ဟု ပြောခဲ့သည်။ နောက်ဆုံး ကုန်ကုန်ပြောရယင် အိမ်မှာမနေဘူးဗျာဟိုဆိုကာ အဘ(အဖေရဲ့ အဖေ)အိမ်သို့ ထွက် သွားခဲ့သည်။ ကျောင်းပိတ်ရက် သူငယ်ချင်းများနှင့် ချိန်းကာ ငှက်လိုက်ပစ်လျှင်၊ ငါးမျှားထွက်လျှင်လည်း အမေက “သား ၀ဋ်လည်တတ်တယ်။ မိတကွဲ ဖတကွဲဖြတ်တတ်တယ်”ဟု ပြောလေသည်။ အမေကို အကောင်းမမြင်၊ အမေပြောသမျှ အပိုတွေပြောနေသည်ဘဲ ထင်မိခဲ့သည်။ အဲဒီတုန်းကတော့ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေရယင် ကောင်းမှာဘဲ၊ အိမ်ကထွက်သွားတာ လွတ်လပ်မယ်၊ ကိုယ်လုပ်ချင်ရာလုပ်မယ်လို့ စိတ်ကူးမိခဲ့သည်။
ခုတော့ ကျွန်တော် မိဘရိပ်၊ အမေ့အရိပ်က ဝေးရာကိုရောက်နေခဲ့တာ ၇ နှစ်ကျော်သွားပြီလေ။ ခုတော့ အမေရဲ့ ပွစိပွစိစကားတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဖြစ်ခဲ့ရသည်။ ကိုယ့်ဘ၀ကိုကျောင်းပြီး ကိုယ့်လမ်းကို လျှောက်နေ တော့မှ အမေ့စကားတွေက အဖိုးတန်မှန်း သိခဲ့ရသည်။ ခုတော့ အ၀တ် လည်း ကိုယ့်ဘာသာလျှော်၊ ထမင်းဟင်းလဲ ကိုယ့်ဘာသာချက်၊ ကိုယ့်ကျန်းမာ ရေးကိုလည်း ကိုယ့်ဘာသာဂရုစိုက်ရတော့သည်။ တစ်ချိန်က မိဘကို ပြန်ပြောခဲ့သမျှ ကျွန်တော် ဒီ ၇ နှစ်တာကာလမှာ လျှောက်လှမ်းသမျှ အနှောင့်အယှက် တွေဖြစ်ခဲ့ရသည်။ ဖြောင့်ဖြောင့်ဖြူးဖြူးမရှိလှ။ လွယ်လွယ် အဆင်ပြေမယ့် ဟာက ခက်ခက်ခဲခဲလုပ်ယူရသည်။ မိဘကို စိတ်အနှောင့် အယှက်ဖြစ်အောင် လုပ်ခဲ့မိလို့ ကျွန်တော် ခုလိုဖြစ်နေရသည်ဟု ကျွန်တော်ယုံ ကြည်သည်။ ထို့ကြောင့်လည်း နောင့်နောင် ဒီလိုမဖြစ်ချင်တော့ပါ။ ခလုပ်ထိမှ အမိတသည်ဘဲပြောပြော အချိန်မနှောင်းခင်ရသည့် မိမိ၏နောင်တကို ကြိုဆိုရမည်။ ပြင်ဆင်ရမည်။ ဒီကရှေ့ မိဘကိုရိုသေတော့မည်။ တတ်နိုင်သမျှ တစ်ကျပ်တစ်ပြား တတ်နိုင် တတ်နိုင် ကျေးဇူးဆပ်မည်။ ဆပ်သမျှ အမြတ်သာဖြစ်ပေတော့မည်။ အဖေအမေ့အပေါ် မိုက်မှား စော်ကား ပြန်ပြောခဲ့ မိသမျှ၊ အမေစိတ်အနှောင့်အယှက်ဖြစ်မိခဲ့သမျှကို ခွင့်လွှတ်ပေးပါ အမေဟု တိုက်ရိုက်ဖြစ်စေ၊ စာနှင့်ဖြစ်စေ အမြဲတောင်းပန်ဝန်ချခဲ့သည်။ ခွင့်လွှတ်ပေး နိုင်ပါစေ အမေ----ဟုသာ
(ကျွန်တော့်ပို့စ်ကို စိတ်ရှည်သည်းခံပြီး ဖတ်ရှုကြသော ဘလော့ဂါများ မိဘအပေါ်နားလည်ခွင့်လွှတ် သိတတ်ပြီး မိဘကျေးဇူးကိုဆပ်နိုင်သော သားသမီးထူး သားသမီးမြတ်များ ဖြစ်ကြပါစေဟု-ဆုမွန်ချွေလျှက်)

1 comment:
မိဘ ကျေးဇူး ကြောင်းပြော တဲ့ အတွက် ကျေးဇူးပါ။
Post a Comment