Tuesday, August 26, 2008

“အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့“

မိဘနဲ့သားသမီး ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ဖို့အတွက် သားသမီးတွေအနေနှင့် နောက်ထပ် ပေးဆပ်ရမယ့် အရည်အသွေးတစ်ခုကတော့ မိဘတွေရဲ့ မျိုးရိုးစဉ်ဆက်ကို စောင့်ထိန်းရမယ်ဆိုတဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရယင် ဒီအရည်အသွေးဟာ မိဘတွေရဲ့ တတိယ မျှော်လင့်ချက် ဖြစ်ပါတယ်။

မိဘတွေက ဘယ်လိုမျှော်လင့်ကြသလဲဆိုတော့ ငါတို့ မွေးမြူထားတဲ့ သားသမီးတွေဟာ ငါတို့မိဘဘိုးဘွားတွေရဲ့ မျိုးရိုးစဉ်ဆက်ကို မတိမ်ကော မပပျောက်အောင် ဆက်လက် ဆောင်ရွက် နေကြလိမ့်မယ်လို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ သားသမီးတွေအနေနဲ့ လေးလေး နက်နက် ထားရမှာဖြစ်သလို မိဘတွေအနေနဲ့လည်း အလွန်အင်မတန်မှ လေးစား မြတ်နိုးမိတဲ့ အချက် ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားရေးရော ဘာသာရေးပါ အရေးကြီးတဲ့အချက်ဖြစ်သလို အရေးကြီးတဲ့ ခေတ်ကြီးလည်း ရောက်နေလို့ပါပဲ။

မြန်မာစကားပုံတစ်ခု ရှိပါတယ်။

“မြေမျိုလို့ လူမျိုးမပြုတ်ဘူး၊ လူမျိုယင် လူမျိုးပြုတ်မယ်” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီအသိပေး စကားဟာ တော်တော်လေး တန်ဖိုးကြီးမားပါတယ်။ လေးလေးနက်နက် စဉ်းစားလေ တန်ဖိုးကြီးမား လေပါပဲ။

အရင်တုန်းကဆိုရင် အဲဒီအသိပေးစကားလေးကို ရန်ကုန်မြို့ရဲ့ အချက်အချာ ကျတဲ့ လမ်းဆုံ လမ်းခွ နေရာတွေမှာ ဆိုင်းဘုတ် ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ ဘာလို့ အလုပ်ရှုပ်ခံပြီး အချိန်ကုန်ခံ ပြီး ချိတ်ဆွဲထားသလဲဆိုယင် ဒီဆိုင်းဘုတ်ကလေးကို မြင်တိုင်း အမျိုးကိုချစ်တဲ့စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေအောင် လို့ပါပဲ။ သတိမထား အမှားတွေ့တတ်တဲ့ လူတွေအတွက် ဒီဆိုင်းဘုတ်ကလေးကို မြင်လိုက်တာနဲ့ အမှားကို အမှားမှန်းသိသွားအောင်လို့ပါပဲ။

သေသေချာချာစဉ်းစားကြည့်နော်။ တန်ဖိုးရှိတဲ့စကားလုံးကို တန်ဖိုးရှိမှန်းမသိလို့ တန်ဖိုးမဲ့တဲ့ သူတွေဖြစ်နေကြတာ မြန်မာပြည်မှာ အများကြီးပါပဲ။ ဘာလို့ တန်ဖိုးမဲ့တဲ့သူတွေ ဖြစ်သွားကြတာလဲ ဆိုယင် အမျိုးသားရေးစိတ်ဓာတ် ဘာသာရေးစိတ်ဓာတ်ကို ခိုင်ခိုင်မာမာ မထားကြလို့ပါဘဲ။ အမျိုးသားရေး စိတ်ဓာတ်နှင့် အမျိုးသားရေးလက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင် တန်ဖိုးမဲ့တဲ့သူတွေ ဖြစ်မလာပါဘူး။

အမျိုးသားရေးစောင့်ရှောက်ဖို့ အန္တရာယ်ဆိုတာ သိသိသာသာ တိုက်ခိုက်လာတဲ့ အန္တရာယ်နဲ့ မသိမသာ တိုက်ခိုက်လာတဲ့ အန္တရာယ်ဆိုတာ နှစ်မျိုးရှိပါတယ်။

အဲဒီအန္တရာယ် နှစ်မျိုးထဲက သိသိသာသာ တိုက်ခိုက်လာတဲ့ အန္တရာယ်က ကြောက်ဖို့မကောင်း ပါဘူး။ ဘာလို့လဲဆိုတော့ တိုက်ခိုက်လာတာကို သိတဲ့အတွက် ကိုယ်က ရှိတဲ့အင်အားနဲ့ ပြန်လှန် ကာကွယ်လို့ ရပါတယ်။ မသိမသာ တိုက်ခိုက်လာတဲ့ အန္တရာယ်ကတော့ တကယ်ကြောက်ဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တိုက်ခိုက်နေတာကို တိုက်ခိုက်နေမှန်း မသိတဲ့အတွက် ကျောချမှ ဓားပြမှန်းသိရတော့မှ ယူကျုံးမရ တသသဖြစ်ရ ပါတော့တယ်။

မြွေဆိုတဲ့သတ္တ၀ါက ဖားသူငယ်ကို ဘယ်တော့မှ တစ်ခါတည်း မျိုမချဘူး။ အမျိုခံရတဲ့ ဖားသူ ငယ်ဟာ ဒါလောက်မျိုနေရရုံနဲ့တော့ ငါ့ခန္ဓာကိုယ်တစ်ခုလုံး မြွေပါးစပ်ထဲ ရောက်မသွားနိုင်ပါဘူး။ အသက်လည်း ပျောက်မသွားနိုင်ပါဘူးဆိုပြီး မှိန်းခံနေလို့ မဖြစ်ပါဘူး။ ကိုယ်က ပြန်လည်တိုက်ခိုက် နိုင်စွမ်း မရှိပေမဲ့ ရှိတဲ့အင်အားနဲ့တော့ လွတ်အောင်ရုန်းထွက်နိုင်ဖို့ အရေးကြီးပါတယ်။ အသက်လည်းပျောက် မြွေပါးစပ်ထဲ ခန္ဓာလည်းရောက်တော့မှ ငါ့အသက်နဲ့ခန္ဓာ ပြန်ပေးပါဆိုပြီး အသနားခံလို့ မရတော့ပါဘူး။ မြန်မာတစ်မျိုးသားလုံးဟာ မြွေပါးစပ်ထဲရောက်နေတဲ့ ဖားသူငယ်လို ဖြစ်နေပါတယ်။ ဒါကြောင့်မို့ အမျိုးကိုချစ်တဲ့သူတိုင်း မြွေပါးစပ်ထဲက ဖားငယ်လိုမဖြစ်အောင် ရုန်းထွက် နိုင်ဖို့ အရေးကြီးလှပါတယ်။

လူတိုင်း လူတိုင်း ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုတာ ရှိပါတယ်။ အဲဒီလိုရှိတဲ့အတွက် ကိုယ့်လူမျိုး ကို ချစ်ရပါမယ်။ ကိုယ့်ဘာသာကို တန်ဖိုးထားရပါမယ်။ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓာတ် ကလေးတွေ ခိုင်ခိုင်မာမာရှိနေရပါမယ်။ ဒါဆိုရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ ကိုယ့်သာသနာဟာ ဘယ်တော့မှ တိမ်ကောသွားမှာ မဟုတ်ပါဘူး။

အခုပြောတဲ့စကားတွေဟာ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ ထင်စရာပါပဲ။ အဲဒီလို မဟုတ်ပါဘူး။ မိဘတွေရဲ့ တတိယမျှော်လင့်ချက်ကို ပုံဖော်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့လည်း မဆိုင်ပါဘူး။ ဘာသာရေးနဲ့လည်း မပတ်သက်ပါဘူး။ လူမျိုးရေးနဲ့လည်း မစပ်ယှက်ပါဘူး။ မိဘတိုင်း မိဘတိုင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ မျှော်လင့်ချက်ကို ပြောနေတာ ဖြစ်ပါတယ်။

မိဘတွေက “ငါတို့မွေးထားတဲ့ သားသမီးတွေက ငါတို့ ဘိုးဘွားမိဘတွေရဲ့ မျိုးရိုးကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် နေရစ်ကြ လိမ့်မယ်”လို့ မျှော်လင့်ခဲ့ကြ ပါတယ်။

မြန်မာလူမျိုးတစ်ယောက်ဟာ မြန်မာနဲ့အိမ်ထောင်ကျတာဟာ အကောင်းဆုံးပါပဲ။ တခြားလူမျိုး တစ်ယောက်နဲ့ အိမ်ထောင်ကျသွားရင် မိဘတွေရဲ့ မျှော်လင့်ချက် ပျက်သွားတော့တာပါပဲ။

မြန်မာ့သွေး မြန်မာ့သားဆိုတာ သန့်ပါတယ်။ တခြားသွေးသားတွေနဲ့ ရောစပ်လို့ မရပါဘူး။ ရောစပ်လိုက်တာနဲ့ တစ်ပြိုင်နက် မွေးလာတဲ့ကလေးဟာ မြန်မာရုပ်ဆိုတာ ဖြစ်မလာတော့ပါဘူး။ လာရောတဲ့သွေးသားရဲ့ ဥပဓိရုပ်အတိုင်း သွားထင်တော့တာပါပဲ။ မြန်မာစစ်မှ မြန်မာရုပ်ပေါ်တာပါ။ ဒါကြောင့်မို့ မိဘတွေ စောင့်ရှောက်ခဲ့တဲ့ အမျိုးအနွယ်ကို သားသမီးတွေက ဆက်လက် စောင့်ရှောက်ကြ ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မြန်မာ့မြေပုံဟာ ကမ္ဘာ့မြေပုံမှ မပျောက်မှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ငွေတစ်ခုတည်း၊ အာသာတစ်ခုတည်းကြည့်ပြီး ပေါက်ကရတွေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် မိဘတွေ စောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဂုဏ်ကို ဖျက်ဆီးပစ်တာနဲ့ အတူတူပါဘဲ။

ပုဂံခေတ်က ကျန်စစ်သားဆိုတာ ရာဇ၀င်မှာ ထင်ရှားတဲ့ မင်းတစ်ပါးပဲ ဖြစ်ပါတယ်။ သူ့မှာ ရွှေအိမ်စည်ဆိုတဲ့ သမီးတော်လေးတစ်ပါးရှိပါတယ်။ ဘုရင်ကြီးမှာ သမီးတော်လေးကို အလွန်ချစ်လွန်းလို့ ဘုံခုနစ်ဆင့် အမြင့်ရှိတဲ့ နန်းပြသာဒ်နဲ့ ထားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ရွှေအိမ်စည် မင်းသမီးလေးဟာ ကုလားပြည်ကလာတဲ့ ပဋိက္ကရားဆိုတဲ့ လူတစ်ယောက်နဲ့ မေတ္တာမျှ သွားကြပါတယ်။ ဒီအကြောင်းကို ကျန်စစ်သားမင်းကြီး သိတော့ သဘောမတူပါဘူး။

ဘာလို့ သဘောမတူတာလဲဆိုရင် လူမျိုးခြား၊ ဘာသာခြားဖြစ်နေလို့ပါပဲ။ ဒါကြောင့်မို့ အမျိုးဘာသာတူတဲ့ စောလူးမင်းရဲသား စောယွမ်းနဲ့ သမီးတော်ကို ထိမ်းမြားလက်ဆက် ပေးစားလိုက် ပါတယ်။ အဲဒီပဋိက္ကရားဆိုတဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ ပြဒါးရှင်ရဲ့ အစွမ်းသတ္တိနဲ့ မြေလျှိုး မိုးပျံနိုင်တဲ့သူပဲဖြစ်ပါတယ်။ သူ့ဘာသာသူ မြေလျှိုး မိုးပျံရုံမကလို့ ကမ္ဘာကြီးကိုပဲ ပြောင်းပြန် လှန်နိုင်အောင် လုပ်နိုင်ပါစေ ဘာမှ အထင်ကြီးစရာမလိုပါဘူး။

ကျန်စစ်မင်းကြီးဟာ ပဋိက္ကရားမင်းသားကို အထင်ကြီးလို့ သမီးတော်နဲ့ ပေးစားခဲ့ရင်တောင်မှ မြန်မာ့သမိုင်းရဲ့ စာမျက်နှာပေါ်မှာ ကျန်စစ်မင်းဆိုတာ အမဲစက်တစ်ခုနဲ့ စွန်းထင်းနေခဲ့မှာ သေချာပါတယ်။ ဒါပေမဲ့ ကျန်စစ်မင်းကြီးဟာ အမျိုးကိုချစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဇာတိဂုဏ်ကို စောင့်ထိန်းကြောင်း မှတ်တိုင်ထူပြခဲ့ပါတယ်။

ဒါကြောင့်မို့ လူတိုင်းလူတိုင်း ကိုယ့်အမျိုးကို ချစ်ဖို့ လိုပါတယ်။ အမျိုးချစ်မှ အမျိုးစစ်မှာ ဖြစ်ပါတယ်။ အမျိုးမချစ်ဘဲ လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးမစစ်တော့ပါဘူး။ အမျိုးမစစ်တော့ မိဘတွေ ကိုးကွယ် ခဲ့တဲ့ဘာသာကိုလည်း မချစ်မြတ်နိုးတော့ပါဘူး။ ဘာသာကို မချစ်မြတ်နိုးတော့ဘူးဆိုရင် မိဘဘိုးဘွားတွေ စောင့်ရှောက်ခဲ့တဲ့ အမွေအနှစ်တွေ လည်း ပျက်စီးဖို့ပဲ ရှိပါတော့တယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ သာကီနွယ်ဖွားလို့ တိုက်ရိုက် မဆိုသာပေမယ့် ဆက်နွယ် ပတ်သက်မှုတော့ ရှိပါတယ်။ သမိုင်းကြောင်းအရဘဲကြည့်ကြည့်၊ ကိုးကွယ်တဲ့ဘာသာအရပဲ ကြည့်ကြည့် သာကီနွယ်ဖွားတွေနဲ့ အကြောင်း မကင်းပါဘူး။ သာကီနွယ်ဖွားဆိုတာ ဂေါတမဗုဒ္ဓရဲ့ အမျိုးနွယ်ကို ပြောတာဖြစ်ပါတယ် အမျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့နေရာမှာတော့ ရှာမှ ရှားပါပဲ။ တစ်ဆွေလုံးတစ်မျိုးလုံး တခြားသွေးသားတွေနဲ့ ရောစပ်မှု မပြုပါဘူး။ တခြားသွေးသားတွေနဲ့ ရောစပ်လိုက်ယင် အမျိုးပျောက်ကြောင့်မို့ ဖြစ်ပါတယ်။

သာကီဝင်မင်းတို့သည် အမျိုးပျောက်မှာကြောက်ခြင်းကြောင့် မိမိနှမတို့နှင့် အတူတကွ အိမ်ထောင်ပြုကြကုန် လို့ ဆိုထားပါတယ်။

အမျိုးကို စောင့်ထိန်းတဲ့နေရာမှာ ဘယ်လောက်ထိ ခံယူချက်ပြင်းသလဲဆိုရင် တခြားသွေးသားတွေနဲ့ ရောစပ်မှာကြောင့်မို့ မောင်နှမအချင်းချင်းတောင် ပြန်ယူတဲ့အထိပါပဲ။ အမျိုးအနွယ်ကို စောင့်ရှောက်တဲ့နေရာမှာတော့ စံနမူနာပါပဲ။ ဒါကြောင့်မို့ အမျိုးအနွယ်ကို စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။ အမျိုးအနွယ်ကို မထိန်းသိမ်း မစောင့်ရှောက်တဲ့ သားသမီးဟာ ဒုက္ခတွေ့တတ်ပါတယ်။

ဘယ်လိုနေရာတွေမှာ ဒုက္ခတွေ့သလဲလို့ မေးစရာ ဖြစ်လာပါတယ်။

ဥပမာပြောရယင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတစ်ယောက်ဟာ လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ပြုကြတယ်ဆိုကြပါစို့။ ကိုယ်က ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတစ်ယောက်မို့ ဘုရားကို ကိုးကွယ်ချင်တယ်၊ တရားကိုနာ ချင်တယ်၊ သံဃာကို ဆည်းကပ်ခြင်တယ်၊ ဒါပေမယ့် ကိုယ်ယူထားတဲ့ ယောကျာ်းက လူမျိုးခြား ဘာသာခြားဖြစ်နေတယ်။ အဲဒီတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့် မရဘူး။

အိမ်ရှေ့မှာ ဆွမ်းတော်လာရပ်တာတောင်မှ ကန်တော့ဆွမ်းလို့ မပြောရဲတဲ့ဘ၀၊ သားလေးမွေးလာလို့ ရှင်ပြုပေးချင်တာတောင်မှ ဖွင့်မပြောရဲတဲ့ဘ၀၊ သမီးလေး နားသမင်္ဂလာလုပ်ချင် တာတောင်မှ ဖွင့်ဟမရဲတဲ့ဘ၀၊ ဒီကြားထဲ ယောကျာ်း ကြောက်လို့ ကိုယ်ကိုးကွယ်တဲ့ဘာသာကို စွန့်လွှတ်လိုက်ရပြီး ယောက်ျားကိုးကွယ် တဲ့ဘာသာကိုပါ ခံယူလိုက်ရတဲ့ မြန်မာအမျိုးသမီးတွေ အများကြီးပါပဲ။ ဒီအချိန်မှာ သူတို့ လက်ခုပ်ထဲက ရေမို့ မကြိုက်လည်း ကိုးကွယ်ရ၊ မမှန်လည်း ဆည်းကပ်ရ လုပ်ရပါတယ်။

ဒီထက် ပိုဆိုးတာက မွေးလာတဲ့ ကလေးတွေကိုလည်း သူတို့ရဲ့ လူမျိုးထဲရောက်အောင် ဇာတ်သွင်းခံရပါတယ်။ အဲဒီလို ဇာတ်သွင်းခံရတဲ့ ကလေးတွေရဲ့ စိတ်ဓာတ်ဟာ သူတို့ဘာသာကို ကိုးကွယ်ယုံကြည်မိတာနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေလည်း ပျက်သွားတော့တာပါပဲ။ ဒါကြောင့်မို့ ကိုယ်မွေးထားတဲ့သားက လူမျိုးခြားစိတ်ဓာတ်၊ ဘာသာခြားစိတ်ဓာတ်ဝင်သွားရင် လူမျိုးလည်းဆုံး ဘာသာလည်း ရှုံးတော့တာပါပဲ။

ကိုယ်မွေးထားတဲ့သားက လူမျိုးကိုလည်း ဖျက်တယ်။ ဘာသာကိုလည်း ပျက်အောင်ဖက်မယ် ဆိုတာ အမျိုးမစောင့်စည်းတဲ့ သားသမီးတွေရဲ့ ရလဒ်ပါပဲ။ မိအေးနှစ်ခါ မကပါဘူး။ မိအေးဘ၀တစ်ခုလုံး မိအေးမျိုးဆက်တစ်ခုလုံး နစ်နာရ ပါတော့တယ်။

လူမျိုးရေးကို အခြေခံပြီး ဘာသာတရားကို ၀ါးမျိုတာဟာ အခုမှ မဟုတ်ပါဘူး။ မြတ်စွာဘုရား လက်ထက်ကလည်း ရှိခဲ့ဖူးပါတယ်။

အချောအလှမှာ ပြောမပြတတ်အောင် လှပတဲ့ ရာဇဂြိုဟ်မြို့သူ သူဌေးသမီးကလေး မယ်ဥတ္တရာဟာ လူမျိုးခြား ဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျသွားပါတယ်။ သူရဲ့ အိမ်ထောင်ရေးဟာ တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်လို့ ယူတာတော့ မဟုတ်ပါဘူး။ သူဌေးသမီး ဆိုတော့ အခြား သူဌေးသားမိဘတွေက လာစပ်ကြပါတယ်။

မယ်ဥတ္တရာက ဘုရားကို ကြည်ညိုတဲ့သူ၊ သံဃာကို ဆည်းကပ်တဲ့သူ၊ နောက်ပြီး သောတာပန်တည်နေတဲ့ မိန်းကလေး။ ဒီမိန်းကလေးကို လာတောင်းသူက လူမျိုးခြား ဘာသာခြား။ အဲဒီတော့ မယ်ဥတ္တရာရဲ့အဖေ ဦးပုဏ္ဏားကလည်း သဘောမတူပါဘူး။

“ခင်ဗျားသား ကျုပ်သမီးနဲ့ ဖြစ်မှာ မဟုတ်ပါဘူးဗျာ။ ကျုပ်သမီးက ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ နေ့တိုင်းနေ့တိုင်း ဆွမ်းလောင်းနေတယ်။ ဘုရားတရားကိုလည်း အမြဲတမ်းလို နာနေတယ်။ ခင်ဗျားတို့ကိုးကွယ်တဲ့ ဘာသာက တခြား၊ ကျုပ်တို့ ကိုးကွယ်တဲ့ဘာသာက တစ်မျိုးဆိုတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်“

“သူဌေးကြီးရာ ဒီကိစ္စအတွက်တော့ ဘာမှ မပူပါနဲ့၊ သူစိတ်တိုင်းကျဖြစ်အောင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါ့မယ်။ သူ ဆွမ်းလောင်းချင်တဲ့အချိန် လောင်း၊ တရားနာချင်တဲ့အချိန် နာ၊ သူစိတ်ချမ်းသာသလို ဖြစ်စေရပါ့မယ်”

ဒါနဲ့ သူဌေးကြီး ဦးပုဏ္ဏားကလည်း သူတို့ပြောတဲ့စကားကို ယုံပြီး သမီးလေးကို လာတောင်းတဲ့ လူမျိုးခြား ဘာသာခြားနဲ့ ပေးစားလိုက်တယ်။ လူမျိုးခြား၊ ဘာသာခြားတွေဟာ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ သဘောက သိပ်ရိုးလှတာ မဟုတ်ပါဘူး။ မရခင်တုန်းကတော့ အောက်ကျို့ပြီး အသနားခံ တောင်းပါတယ်။ တကယ်တမ်း သူတို့လက်ထဲရောက်သွားပြီဆိုတော့ ထားရာနေ စေရာသွား ရတော့တာပါပဲ။

မယ်ဥတ္တရာလေးက သူတို့အိမ်ရောက်သွားကလည်းက ဘုရားကိုလည်း ကိုးကွယ်ခွင့်မရတော့ ပါဘူး။ တရားကိုလည်း ကြားနာခွင့် မရတော့ပါဘူး၊ သံဃာကိုလည်း ဆည်းကပ်ခွင့် မရတော့ပါဘူး။ သူတို့ယူတဲ့အယူသာ အမှန်ဆိုပြီး အတင်းအဓမ္မ ကိုးကွယ်ခိုင်းတော့တာပါပဲ။ တခြား စိတ်ဓာတ်ပျော့ ပျောင်းတဲ့ မိန်းကလေးသာဆိုရင်လည်း ပါသွားမှာ သေချာပါတယ်။

မယ်ဥတ္တရာဆိုတာက သောတာပန်တည်ထားတာဆိုတော့ ဘုရားမှတစ်ပါး တခြားကိုးကွယ် ယုံကြည်စရာဆိုလို့ မရှိတော့တဲ့အတွက် သူတို့ခိုင်းတဲ့အတိုင်း မရပါဘူး။ အခုခေတ် မြန်မာအမျိုးသမီးတွေ သေသေချာချာ လေးလေးနက်နက် အတုယူစရာပါပဲ။ တချို့အမျိုးသမီးတွေ လူမျိုးခြား ဘာသာခြားတွေ နဲ့ ညားပြီး လူမျိုးခြား ဘာသာခြားစိတ်ဓာတ် ပေါက်နေတာတွေ အများကြီးပါပဲ။ မွေးလာတဲ့ ကလေးတွေက စပြီး လူမျိုးခြား ဘာသာခြားစိတ်ဓာတ် ပေါက်သွားတော့တာပါပဲ။

အမျိုးပျောက်တယ်ဆိုတာ မြန်မာမိန်းကလေးတွေ လူမျိုးခြား ဘာသာခြားနဲ့ ညားကြတာဟာ မူလအစ ပထမပါပဲ။ မွေးလာတဲ့ ကလေးတွေဟာ ရုပ်ကတော့ မြန်မာကလေးတွေဖြစ်ပေမယ့် စိတ်ဓာတ်ကတော့ မြန်မာစိတ်ဓာတ်မရှိပါဘူး။ မြန်မာအမျိုးသမီးကနေ ၀မ်းနဲ့လွယ်ပြီး မွေးထုတ်လိုက်တဲ့ ကလေးဟာ လူမျိုးခြားစိတ်ဓာတ် ဘာသာခြားစိတ်ဓာတ် ပေါက်သွားရင် တော်တော့ကို နစ်နာပါတယ်။

အိမ်တစ်အိမ်မှာ တိုင်တစ်လုံး ခြပုံးတက်ရုံနဲ့ ပျက်စီးမသွားနိုင်ပါဘူးဆိုပြီး ပေါ့လျော့နေလို့ မရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ တစ်တိုင်ပြီးတစ်တိုင် ကူးစက်သွားရင် တစ်အိမ်လုံး ပျက်စီးသွား နိုင်ပါတယ်။ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ တစ်ဖက်နိုင်ငံက လက်နက်တွေနဲ့ ခြိမ်းခြောက်နေတာကို ကာကွယ်ရုံနဲ့ မပြီးသေးပါဘူး။ နိုင်ငံတွင်းမှာ သပွတ်အူလို လှိုက်စားပြီး စိမ့်ဝင်နေတဲ့ အမျိုးသားရေးကိုလည်း သတ္တိရှိရှိနဲ့ ကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။

ဒါကြောင့်မို့ သားသမီးတိုင်း မိဘဘိုးဘွားတွေရဲ့ မျိုးဆက်ကို တခြားသွေးသားတွေနဲ့မရောဘဲ အရှည်သဖြင့် တည်တံ့အောင် စောင့်ရှောက်ကြဖို့ လိုပါတယ်။ မိဘတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးဖို့ လိုပါတယ်။ ဒီအရေးကြီးတဲ့အချက်ဟာ များသောအားဖြင့် ဘာသာရေးအခြေခံ နည်းပါပြီး အမျိုးသားရေးစိတ်ဓာတ် ခိုင်ခိုင်မာမာမရှိတဲ့ မိန်းကလေးတွေ အဖြစ်များတာ တွေ့ရပါတယ်။ ပြောရင် ယုံလွယ်တတ်သလို ယုံရင်လည်း ပုံလိုက်တော့တာပါပဲ။

ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုထဲကို မကြည့်ပါနဲ့။ ဆန္ဒရဲ့ နောက်ကွယ်မှာ စွန့်လွှတ်ရမယ့် အမျိုးသားရေးစိတ်ဓာတ်၊ ဖျက်ဆီးခံလိုက်ရမဲ့ ဘာသာရေးစိတ်ဓာတ်တွေဟာ တော်တော်လေး ရင်နင့် စရာကောင်းလှပါတယ်။ ငယ်ငယ်တုန်းက မိဘတွေနဲ့အတူ ဘုရားရှိခိုးခဲ့တယ်။ ဘုရားသွား ကျောင်းတက် လုပ်ခဲ့တယ်။ ဘုရားရှေ့မှာ ဒူးလေးတုပ်ပြီး ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာတွေ ကပ်လှူခဲ့တယ်။ ကိုယ့်ရဲ့ မွေးနေ့ဂြိုဟ်တိုင်ရှေ့မှာ ဆုတောင်း အမျှဝေခဲ့ရတယ်။ ဒါဟာ လွတ်လပ်တဲ့ အပျိုရည်ဘ၀နော်။

တကယ်လို့ အဲဒီအမျိုးသမီးဟာ လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ကျသွားရင် ဘုရားရှိခိုးဖို့ ဆိုတာလည်း မလွယ်ပါဘူး။ သီလဆောက်တည်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ဘုရားသွားကျောင်းတက် လုပ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ဘာလို့ ဒီလို ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားရတာလဲဆိုရင် ကိုယ်နဲ့ညား ထားတဲ့ယောက်ျားက လူမျိုးခြား ဘာသာခြားဖြစ်နေလို့ ပါပဲ။ အမိမြန်မာပြည်မှာ အမိဗုဒ္ဓဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်မရတဲ့ မြန်မာမိန်းကလေးတွေ အများကြီးပါပဲ။

ဒိုက်ဦးမြို့နယ်ရဲ့ ရွာတစ်ရွာမှာ မိအေးနဲ့ မိဌေးဆိုတဲ့ ညီအစ်မနှစ်ယောက် ရှိတယ်။ အကြီးမ မိအေးဟာ ပထမလူမျိုးခြားဘာသာခြားနဲ့ ညားတယ်။ ကလေးခြောက်ယောက်ရပြီး မိအေးသေဆုံးသွားတယ်။ မိအေးသေလို့ ခုနစ်ရက်တောင်မပြည့်သေးဘူး။ ညီမဖြစ်သူ မိဌေးကလည်း အဲဒီ မိအေး ယောက်ျားနဲ့ပဲ ခိုးရာလိုက်သွားတယ်။ မိဌေးနဲ့လည်း ကလေးငါးရောက်ရတယ်။

လူမျိုးခြား ဘာသာခြား ယောက်ျားတစ်ယောက်က ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး ညီအစ်မနှစ်ယောက်ကို ယူလိုက်တာ သားသမီး(၁၁)ယောက်တောင်ရတယ်။ အဲဒီကလေး(၁၁)ယောက် လုံးဟာ ဘုရားလည်း ရှိခိုးခိုင်းလို့မရဘူး။ တရားလည်း နာခိုင်းလို့မရတော့ဘူး။ သံဃာလည်း ဆွမ်းလောင်းခိုင်းလို့ မရဘူး။ စဉ်းစားကြည့်နော်။ အဲဒီကလေး(၁၁)ယောက်ရဲ့ မျိုးဆက်သစ်တွေဟာ လည်း လူမျိုးခြားစိတ်ပေါက်ပြီး ဗုဒ္ဓဘာသာစိတ် ပျောက်လို့ နေမှာ သေချာပါတယ်။ ဒါဟာ လူမျိုးရေးကို အခြေခံပြီး ဘာသာရေးကို ၀ါးမျိုလိုက်တာပဲ။ အဆီကိုလည်း စားတယ်။ အသားကိုလည်း မျိုတယ်။

ဦးဇင်းဟာ ဘာလို့ ဒီလောက်တောင် အရေးတကြီး ပြောနေရတာလဲဆိုရင် အမျိုးပျောက်မှာ စိုးကြောက်လို့ပါပဲ။ နောက်ပြီး မိဘတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးစေချင်လို့ပါ။ ဘယ်လူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာဘဲဖြစ်ဖြစ် ကိုယ့်အမျိုးကို ထိန်းသိမ်းရပါမယ်။ ကိုယ့်ဘာသာကို စောင့်ရှောက်ရ ပါမယ်။ မြေမျိုလို့ လူမျိုးမပြုတ်ဘူး၊ လူမျိုရင် လူမျိုးပင်မကဘူး ဘာသာတရားကိုပါ ပြုမယ် ဆိုတာ သားသမီးတိုင်း လေးလေးနက်နက် သတိထားရမှာ ဖြစ်ပါတယ်။ အိမ်ရှေ့ခန်းမှာ လောင်နေတဲ့မီးဟာ အိမ်နောက်ဖေးခန်းနဲ့ မဆိုင်ဘူးဆိုပြီး ပေါ့လျော့မနေပါနဲ့။ နိုင်အောင်မငြိမ်းသတ်နိုင်ယင် တစ်အိမ်လုံး လောင်ကျွမ်းသွား နိုင်ပါတယ်။ အညှောက်မှ ထွက်ခါစဖြစ်တဲ့ ညောင်ပင်လေး ကိုလည်း အထင်မသေး လိုက်ပါနဲ့။ အချိန်ကြာလာရင် ကြီးမားတဲ့ ကုက္ကိုပင်ကြီးကိုလည်း မျိုသွားနိုင်ပါတယ်။ ဧရာမ ဘုရားစေတီ ကြီးကိုလည်း ပျက်စီးသွားနိုင်ပါတယ်။

ဒါကြောင့်မို့ သားသမီးတိုင်း မိဘတွေမျှော်လင့်တဲ့ အမျိုးသားရေးအားမာန်၊ ဘာသာရေး အားမာန်တွေ အပြည့်အ၀ ကိန်းဝပ်နေဖို့ လိုပါတယ်။ အဲဒီလို ပင်ကိုယ်အသိစိတ်ဓာတ်လေးတွေထားပြီး အမျိုးသားရေး၊ ဘာသာရေး လက္ခဏာတွေ မပျောက်ပျက်အောင် စောင့်ရှောက်သွားမယ်ဆိုရင် မိဘနဲ့ သားသမီး ချစ်မငြီးတဲ့ လမ်းခရီးမှာ ပန်းမွေ့ရာလေးလို နူးညံ့သိမ်မွေ့နေမှာ သေချာပါတယ်။

(အရှင်ပညောဘာသာ ၏ “အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့” စာအုပ်မှ)

No comments: